ရှားပါးတိရစ္ဆာန်များနှင့် မျိုးသုဉ်းမည့်အန္တရာယ် ရင်ဆိုင်နေရသည့် မျိုးစိတ်များ ကျက်စားနေသော ကရင်ပြည်နယ်ရှိ ကေးဒိုမဲ့ညောတောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်

ရှားပါးတိရစ္ဆာန်များနှင့် မျိုးသုဉ်းမည့်အန္တရာယ် ရင်ဆိုင်နေရသည့် မျိုးစိတ်များ ကျက်စားနေသော ကရင်ပြည်နယ်ရှိ ကေးဒိုမဲ့ညောတောကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်
Published 23 December 2017

ရှားပါးတိရစ္ဆာန်များနှင့် မျိုးသုဉ်းမည့် ဘေးအန္တရာယ် ရင်ဆိုင်နေရသည့် မျိုးစိတ်များ ကျက်စားနေသော ကရင်ပြည်နယ်ရှိ ကေးဒိုမဲ့ညောတောအား တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ကေးဒိုမဲ့ညော တောရိုင်းတိရစ္ဆာန်တော ဖြစ်မြောက်ရေးအတွက် ကော်သူလေးသစ်တောဌာန၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ရက် (KESEAN) ၊ ကရင်တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး (KWCI) တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားဝင်အတည်ပြု သတ်မှတ်နိုင်ရေးအတွက် လိုအပ်သော အထောက်အပံ့များကို နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် Rainforest Trustက ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ကေးဒိုမဲ့ညော တိရစ္ဆာန်ဘေးမဲ့တောသည် ဖာပွန် (မူတြော်) ခရိုင် ဘူးသိုမြို့နယ်တွင် တည်ရှိပြီး ၂၇၁ စတုရန်းကီလိုမီတာ အကျယ်အဝန်း ရှိကြောင်း၊ ဒေါနတောင်ကြော၌ တည်ရှိပြီး တောင်ပေါ်သစ်တော၊ အမြဲစိမ်းတောနှင့် ရွတ်ပြတ်တောများ ရောနှော ပေါက်ရောက်လျက် ရှိကြောင်း သိရသည်။

“အခုလို ကေးဒိုမဲ့ညော တိရစ္ဆာန်ဘေးမဲ့တောကို တရားဝင် သတ်မှတ်လိုက်တာက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းသလို ကမ္ဘာတစ်ဝန်းမှာ အရေးကြီးပြီး မျိုးသုန်းမည့် ဘေးသင့်နေပြီဖြစ်တဲ့ သက်ရှိမျိုးစိတ်တွေကို ကရင်ပြည်နယ်ထဲမှာ ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် အခရာကျတဲ့ ခြေလှမ်းဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ကရင်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးရဲ့ ကင်မရာမှတ်တမ်းတွေက ရိုက်ကူးနိုင်ခဲ့တဲ့ ကျားတွေရှိသလို ဒီလိုအရေးကြီးတဲ့ သစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ကျားအရေအတွက် ပြန်လည်များပြားဖို့ အခွင့်အရေးဖန်တီးပေးရာ ကျပါတယ်”ဟု ကရင်တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး၏ အလုပ်အမှုဆောင်ဒါရိုက်တာ Clare Campbell က ပြောကြားသည်။

ထို့ပြင် ကရင်သစ်တောဌာနသည် လူထု နှင့်တွေ့ဆုံညှိနှိုင်းမှု၊ လူထုထံမှ အကြံဉာဏ် ရယူမှုများကို ၂၀၁၆ ခုနှစ်တွင် KNU , KESEAN နှင့် KWCI တို့မှ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင်ကျေးရွာနှင့် သစ်တောနယ်နိမိတ် တိုင်းထွာမှတ်တမ်းတင်ခြင်း၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးကွဲအခြေအနေ ဆန်းစစ်လေ့လာခြင်း၊ ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်းပုံစံနှင့် အခြေအနေအပေါ် လေ့လာမှတ်တမ်းတင်ခြင်း၊ လူထုအကြား သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အသိပညာပေးခြင်း စသည့် အခြေခံအုတ်မြစ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဒီဘေးမဲ့တောအတွက် ကြီးမားတဲ့ စိန်ခေါ်မှုသုံးခု ရှိနေပါတယ်။ ပထမတစ်ချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ မသေချာတဲ့ နိုင်ငံရေး အခြေအနေ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က မြန်မာနိုင်ငံအစိုးရရဲ့ ဟတ်ကြီးရေကာတာ တည်ဆောက်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒီရေကာတာက ကျွန်တော်တို့ရဲ့ ဘေးမဲ့တောကို ရေအောက်မြုပ်စေမှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ပြင်ပကလာတဲ့ အမဲခိုးလိုက်သူတွေ ဖြစ်ပါတယ်”ဟု ဖာပွန်ခရိုင် သစ်တောဌာနမှ ဌာနမှူး ပဒိုစောကလိုထူးက ပြောကြားသည်။

ယင်းဘေးမဲ့တောတွင် ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်အတွင်း အလိုအလျောက် ဖမ်းယူရိုက်ကူးနိုင်သည့် ကင်မရာများကို KESEAN နှင့် KWCI တို့ ပူးပေါင်းပြီး နှစ်ကြိမ် တပ်ဆင်ကာ သစ်တော၏ ဇီဝမျိုးကွဲများကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ အဆိုပါ မှတ်တမ်းများနှင့် တောရိုင်းတိရစ္ဆာန် တိုက်ရိုက်စောင့်ကြည့်လေ့လာမှု မှတ်တမ်းများအရ ကေးဒိုမဲ့ညောသစ်တောတွင် နို့တိုက်သတ္တဝါ ၆၄ မျိုးကို တွေ့ရှိခဲ့ပြီး အလွန်ဘေးသင့်နေသည့် စာရင်းထဲတွင် ပါရှိသော တရုတ်သင်းခွေချပ်နှင့် Sunda သင်းခွေချပ်တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် နို့တိုက်သတ္တဝါများအပြင် ငှက် ၁၂၂ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၂ မျိုး၊ တွားသွားသတ္တဝါ အမျိုး ၂၀ ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ထိုထဲတွင် မျိုးသုန်းမည့် ဘေးအန္တရာယ်စာရင်းထဲရှိနေသည့် မျိုးစိတ်များဖြစ်သည့် Big-headed Turtle ခေါ် ခေါင်းကြီးလိပ်နှင့် Elongated Tortoise တို့ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent