ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ပင်လုံ၌ ဒေသခံများနှင့်သွားရောက်တွေ့ဆုံရာ တပ်မတော်ဘက်မှ ဝင်ရောက်ဟန့်တာမှုဖြစ်ပွား

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ပင်လုံ၌ ဒေသခံများနှင့်သွားရောက်တွေ့ဆုံရာ တပ်မတော်ဘက်မှ ဝင်ရောက်ဟန့်တာမှုဖြစ်ပွား
Published 18 December 2017

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်က ပင်လုံမြို့တွင်ပြုလုပ်သည့် ဒေသခံများနှင့်သွားရောက် တွေ့ဆုံရာတွင် တပ်မတော်ဘက်မှ ဝင်ရောက်ဟန့်တားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် ရှမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ငါးဖွဲ့ဖြင့် ရှမ်းလူမျိုးများနေထိုင်ရာ နေရာများသို့ ဒီဇင်ဘာ ၁၇ ရက်မှစ၍ သဘောထားများ သွားရောက်ကောက်ခံရန်  စီစဉ်ထားသည့်အတိုင်း ပင်လုံသို့ သွားရောက် တွေ့ဆုံရာ တပ်မတော်ဘက်မှ ဟန့်တားခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ကျွန်မတို့က လွိုင်လင်မှာ မိုင်းပွန်ပါမယ်။ ပင်လုံပါမယ်ပေါ့။ အဲဒီမှာ ပြည်သူလူထုတွေကို အယောက် ၇၀၊ ၈၀ လောက်ရှိမယ်။ အဲဒါတွေကို ကျွန်မတို့က လူထုရဲ့အသံကို အကြိုသွားယူပြီးတော့မှ ကောက်ခံတာပါ။ ကျွန်မတို့ ရောက်သွားတဲ့အချိန်က နံနက် ၈ နာရီခွဲကျော်လောက် ရောက်သွားတော့။ ကျွန်မတို့လည်း ရောက်ရော သူတို့ရဲ့ စစ်ကား ခြောက်စီးက ပတ်ပတ်လည်မှာ အကုန်လုံးနေရာချပြီးတော့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလန်စစ်ဌာနချုပ်တိုင်းမှူးက ဒီဆွေးနွေးပွဲမလုပ်ဖို့ တားမြစ်ခိုင်းတယ်ဆိုပြီးတော့ ဝင်လာတယ်။ ဝင်လာပြောတဲ့သူကတော့ လွယ်ပြင် တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်ဌေးပေါ့။သူကနေ လာတားတာပေါ့။ အမိန့်ပေးလို့ လာတားတယ်ပေါ့။ လာတားတဲ့အခါကျတော့ RCSS ရဲ့ ဆက်ဆံရေးရုံးအရာရှိကလည်း ဝင်လာပြီး သူတို့နဲ့ညှိတယ်။ ညှိတော့ သူတို့က ဘာမှမသိဘူး။ ဒါ အထက်ကအမိန့်ကြောင့် ဘယ်သူရဲ့ဖုန်းနံပါတ်ကို ဆက်သွယ်ပါ၊ ဘာညာပြောလဲ ကျွန်တော်တို့က လုံးဝပေးမလုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့က ဟန့်တားဖို့ တာဝန်ရှိတယ်ဆိုပြီးတော့ အင်းအားအလုံးအရင်းနဲ့ တားတာပေါ့” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးမြို့နယ် ဒုတိယဥက္ကဋ္ဌ (၂) နန်းမြဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုသို့တားဆီးမှုများကြောင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဆက်ဆံရေးရုံးတာဝန်ခံက တောင်ကြီးသို့  သွားရောက်ညှိနှိုင်မည်ဟုဆိုသောကြောင့် ပင်လုံတွင် ဒီဇင်ဘာ ၁၇ ရက်အတွက် လူထု အသံကောက်ခံပွဲ ဆက်မလုပ်ရန်ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများထံ အကျိုးအကြောင်းရှင်းပြကာ တောင်ပန်စကား ပြောဆို၍ ပြန်လွှတ်လိုက်ရကြောင်း ၎င်းက ပြောကြားသည်။

ဆက်လက်၍ “တခြားနေရာတွေမှာတော့ ကျွန်မတို့အစီအစဉ်ချထားတဲ့အတိုင်း  ကျွန်မတို့အဖွဲ့ လွယ်ကော်လုပ်မယ်။ ပင်လောင်း လုပ်မယ်။ အစီအစဉ်ချထားတဲ့နေရာတွေမှာတော့ ဆက်လုပ်သွားမယ်ပေါ့။ပင်လုံကဟာတော့ ဘယ်လိုလာမလဲ မသိသေးဘူး။ လူကြီးတွေလည်း ဘာမှမဆုံးဖြတ်ရသေးတော့ တခြားနေရာတွေမှာတော့ ရက်တွေက ချိန်းထားပြီးသားဖြစ်တဲ့အတွက် မလုပ်လို့ မရဘူး။ ဆင်းရမှာပဲ” ဟု နန်းမြဦးက ပြောကြားသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြလုပ်နေသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ငါးဖွဲ့တွင် ရှမ်း နိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင်အဖွဲ့ဝင်များ၊ ရှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ဖက်ဒရယ် ဒီမိုကရက်တစ်လမ်းကြောင်းကို သွားနေတယ်။ ကျွန်မတို့ လုပ်နေတယ်ဆိုတာလည်း NCA စာချုပ်ပါအတိုင်း လုပ်တာ။ NCA ဆိုတာလည်း တရားဝင်လက်မှတ်ထိုးထားတဲ့စာချုပ်။ နိုင်ငံတကာကနေပြီးတော့ လက်မှတ် ဝိုင်းထိုးထားတာလေ။ ဒီနေရာမှာ ဒီလိုဖြစ်တယ်ဆိုတာကတော့ ဖက်ဒရယ်ဒီမိုကရက်တစ် လမ်းကြောင်းမှာတော့ ဒီလိုလုပ်ရပ်တွေ မဖြစ်သင့်ဘူး။ ကိုယ့်ပြည်သူတွေ အထိတ်တလန့်ဖြစ်စေတဲ့ အမူအရာမျိုးတို့၊ ဘာတို့၊ ညာတို့ဆိုတာ ဒီလိုပဲ ပိတ်ပင်တားစီးတယ်ဆိုတာ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတောင် ၂၀၁၇ ဆိုတာ ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ထားတာပဲလေ။ အဲဒီလိုမျိုးအနေအထားမှာ ဒီလိုမျိုးလုပ်တယ်ဆိုတာ လူ့အခွင့်အရေးဘက်ကပဲကြည့်ကြည့်၊ ဘယ်လိုပဲကြည့်ကြည့် မဖြစ်သင့်ဘူးလို့မြင်ပါတယ်” ဟု နန်းမြဦးက ပြောကြားသည်။

Most Read

Most Recent