ပန်းဘဲတန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် ၁၈ နှစ်အရွယ် အိမ်အကူမိန်းကလေးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား

ပန်းဘဲတန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် ၁၈ နှစ်အရွယ် အိမ်အကူမိန်းကလေးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား
Published 16 December 2017

ပန်းဘဲတန်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းတွင် ၁၈ နှစ်အရွယ် အိမ်အကူမိန်းကလေးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်ညနေ ၅ နာရီခွဲတွင် ပန်းဘဲတန်းမြို့နယ် ၈ ရပ်ကွက်၊ ၂၉ လမ်း၊ အမှတ် ၁၇၁၊ ခြောက်လွှာတိုက်ခန်းတစ်ခန်းအတွင်း လူတစ်ဦး ဆွဲကြိုးချသေဆုံးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါ နေအိမ်ရှိ မ....(၁၈ နှစ်) ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရာ မ ....(၁၈ နှစ်) မှာ အဆိုပါ နေအိမ်၏ အိပ်ခန်းအတွင်းရှိ မျက်နှာကြက်ပေါ်တွင် တပ်ဆင်ထားသည့် ပန်ကာသံချိတ်၌ ခန်းဆီးလိုက်ကာစကို အသုံးပြုပြီး ဆွဲကြိုးချ သေဆုံးနေခြင်းဖြစ်သည်ဟု ပန်းဘဲတန်းမြို့မ ရဲစခန်းမှ ဒုရဲမှူးခင်းစိုးက ပြောကြားသည်။

သေဆုံးခဲ့သည့် မ...... (၁၈ နှစ်) မှာ အဆိုပါနေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းလုပ်ကိုင်သည်မှာ သုံးလခန့်ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် အိမ်ရှင်လင်မယားနှစ်ဦး နေထိုင်ပြီး အခင်းဖြစ်ပွားသည့်အချိန်တွင် အိမ်ရှင်များ မရှိကြောင်း သိရသည်။

“အခင်းဖြစ်တဲ့အချိန်မှာ အိမ်ရှင် လင်မယား မရှိဘူး။ အိမ်ရှင် အမျိုးသားရဲ့ဇနီးက ဆေးရုံမှာကလေးမွေးနေတဲ့အချိန်ပါ။ အိမ်ရှင် အမျိုးသားက ဆေးရုံကိုရောက်နေတာပါ။ သူတို့က အိမ်ကိုဖုန်းလှမ်းဆက်တော့ ကောင်မလေးက ဖုန်းမကိုင်တာနဲ့ အိမ်ကိုပြန်လာကြည့်တဲ့အချိန်မှာ အခုလို ဆွဲကြိုးချသေဆုံးနေတာကို တွေ့ရတာပါ” ဟု ပန်းဘဲတန်းမြို့မ ရဲစခန်းမှ ဒုရဲမှူးခင်စိုးက ပြောကြားသည်။

သေဆုံးရသည့် အကြောင်းရင်းကို သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။ ဖြစ်စဉ်အား ပန်းဘဲတန်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၇)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent