ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍတို့အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ဘီလျံ ၈၀၀ အကူအညီပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အခြေခံ အဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍတို့အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ဘီလျံ ၈၀၀ အကူအညီပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ပြောကြား
Published 15 December 2017

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် လျှပ်စစ်ကဏ္ဍတို့အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ဘီလျံ ၈၀၀ အကူအညီပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆိုအာဘေးတို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဝန်ကြီးချုပ်မှ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ်က အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် မြန်မာဂျပန်ထိပ်သီး အစည်းအဝေးတို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ရုံးတွင် ကျင်းပသည့် နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အရည်အသွေး ပြည့်မီသည့် အခြေခံကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရေးသည် သက်ဆိုင်ရာ အစိုးရများအတွက် အလွန်အရေးပါသည့် တာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့သည် မြန်မာအစိုးရ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် အစိုးရနှင့် လူထုတစ်ရပ်လုံးက ပူးပေါင်း ပါဝင်ကြရမှာဖြစ်ပါကြောင်း၊ Universal Health Coverage Forum ကိုတက်ရောက်ပြီး ဒီကနေ့ မွန်းလွဲပိုင်းမှ စတင်ကာ မိမိ၏ တရားဝင်ခရီးစဉ် စတင်ခဲ့ပါကြောင်း၊ မစ္စတာဟာဘေးနှင့် ဆွေးနွေးခဲ့သည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတွင် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါကြောင်း၊ မိမိတို့ဆွေးနွေးမှုများတွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်လျက်ရှိသည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဂျပန်နိုင်ငံအနေဖြင့် ဆက်လက် အကူအညီပေးရေးတို့ကို ဆွေးနွေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဆိုအာဘေးဟာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးတိုးတက် အောင်မြင်စေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေဖို့အတွက် ဆက်လက်ပူးပေါင်း ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံမှ အကူအညီပေးမည့် ယန်းငွေ ဘီလျံ ၈၀၀ ဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားကဏ္ဍများတွင် အဓိကထားပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများအတွက်လည်း ပူးပေါင်း ကူညီသွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသအရေး ကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဂျပန်နိုင်ငံမှ ထောက်ခံအသိအမှတ်ပြုပြီး အကူအညီ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းတံတားများ ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားများ ရရှိရေး၊ စာသင်ကျောင်းများ ဆောက်လုပ်ရေးတို့ကို အကူအညီပေးသွားမှာဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent