သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှ ရွှေဈေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်ရွှေအသင်းထုတ်ပြန်

သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေဈေးကွက်ရောင်းဝယ်သူများမှ ရွှေဈေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်ရွှေအသင်းထုတ်ပြန်
Published 12 March 2024

သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပရွှေစျေးကွက်ရောင်းဝယ်သူများမှ ရွှေစျေးကို ဆွဲတင်ဆွဲချနေပြီး သက်ဆိုင်ရာက အရေးယူမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ကောလာဟလအခြေအမြစ်မရှိ သတင်းအမှားအမျိုးမျိုးကြောင့် ပြင်ပစျေးကွက်ရောင်းဝယ်သူများမှ စျေးကစား၍ ရွှေစျေးနှုန်းကို ဆွဲတင်ဆွဲချလျက်ရှိနေကြောင်း၊ သတင်းအဖြစ်အပျက်အမှန်များကို ဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ယင်းကြောင့် ရွှေစျေးကစားသူများအနေဖြင့် ကောလာဟလများထုတ်လွှင့်ခြင်းနှင့် စျေးကစားခြင်းများ မပြုလုပ်ကြရန် ပန်ကြားအပ်ကြောင်း၊ ရန်ကုန်ရွှေအသင်း၏ သတ်မှတ်စျေးနှုန်းအောက်တွင်သာ အရောင်းအဝယ်ပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ မတ် ၁၂ ရက် မွန်းလွဲပိုင်းရည်ညွှန်းစျေးနှုန်းမှာ ကျပ် သုံးဆယ့်ခုနစ်သိန်းကိုးသောင်း ခြောက်ထောင့်ခြောက်ရာဖြစ်ကြောင်း သိရသည်။

ပြင်ပစျေးကွက်တွင် ရွှေစျေးနှုန်းမှာ ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိနေသည်ဟု စျေးကွက်အတွင်းမှ သိရသည်။

မတ် ၆ ရက် နေပြည်တော်တွင် ပြုလုပ်သည့် ရွှေနှင့်ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံသည့် ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေစျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေးယူသွားမည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ စျေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့်ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ရန်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအနေဖြင့် ရည်ညွှန်းရွှေစျေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအား အရေးယူနိုင်မည့်နည်းလမ်းများကိုလည်းကောင်း၊ အစည်းအဝေးတက်ရောက်လာသူများက လိုအပ်သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီးဆောင်ရွက်မည့်ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ်ကြီးကြပ်ကွပ်ကဲမည့် နည်းလမ်းများ၊ လုပ်ငန်းစဉ်များကို သေချာစွာ စနစ်တကျချမှတ်ဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent