မလေးရှားတွင် တရားမဝင် ရောက်ရှိနေသည့် မြန်မာလုပ်သားများ ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်ပါက နိုင်ငံသို့ ပြန်ခွင့်ပြုမည်ဟု မလေးရှားအစိုးရကြေညာ

မလေးရှားတွင် တရားမဝင် ရောက်ရှိနေသည့် မြန်မာလုပ်သားများ ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်ပါက နိုင်ငံသို့ ပြန်ခွင့်ပြုမည်ဟု မလေးရှားအစိုးရကြေညာ
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို တွေ့ရစဉ်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို တွေ့ရစဉ်
Published 29 February 2024

လေးရှားတွင် တရားမဝင်ရောက်ရှိနေသည့် မြန်မာလုပ်သားများ ဒဏ်ကြေးရင်းဂစ် ၅၀၀ ပေးဆောင်ပါက မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုမည်ဟု မလေးရှားအစိုးရက ကြေညာကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

မတ် ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မလေးရှားနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေသည့် မြန်မာအပါအဝင် နိုင်ငံခြားသားများကို မူရင်းနိုင်ငံထံ နိုင်ငံကူးလက်မှတ်၊ CI ၊ အပြန်လေယာဉ်လက်မှတ်တို့ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးများတွင် သတ်မှတ်ဒဏ်ကြေး ရင်းဂစ် ၅၀၀ ပေးဆောင်ကာ ၁၄ ရက်အတွင်း နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာနိုင်ကြောင်း မလေးရှားအစိုးရက ထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်ထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင်မြန်မာလုပ်သားများအနေဖြင့် သံရုံးသို့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI ထုတ်ပေးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသားဖြစ်ကြောင်း မှန်ကန်ပါက သက်သေခံလက်မှတ်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မလေးရှားအစိုးရက ဖြေလျှော့ပေးခဲ့သည့် သတ်မှတ်ကာလအတွင်း တရားမဝင်မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် စီစဉ်ပေးရခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက မြန်မာသံရုံး၏ whatsapp no. +60 11 2510 5774 သို့ အကြောင်းကြားဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြန်မာသံရုံးက အသိပေးကြေညာထားသည်။

မလေးရှားအစိုးရအနေဖြင့် မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားလုပ်သားများကို အော်ပရာစီဖြင့် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ မြန်မာလုပ်သားအများအပြား ဖမ်းဆီးခံခဲ့ရသည်။

Most Read

Most Recent