မတ် ၂၀ ရက်မှ ၂၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

မတ် ၂၀ ရက်မှ ၂၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်
Published 18 March 2024

အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် မတ် ၂၀ ရက်မှ ၂၄ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်အနေဖြင့် မတ် ၂၀  ရက်မှ  မတ် ၂၄ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းသော ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက သတိပေးထားကြောင်း သိရသည်။

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ သတိပေးနှိုးဆော်ချက်အနေဖြင့် မိုးဇလ၏ ထုတ်ပြန်မှုတွင်လည်း မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း ပါရှိသည်။

ယင်းအတွက်ကြောင့် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

Most Read

Most Recent