Hello Cabs အငှားယာဉ်ကုမ္ပဏီက စင်ကာပူအခြေစိုက် Grab အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီကို ယှဉ်ပြိုင်မှုဥပဒေဖြင့် အမှုဖွင့်ထား

Hello Cabs အငှားယာဉ်ကုမ္ပဏီက စင်ကာပူအခြေစိုက် Grab အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီကို ယှဉ်ပြိုင်မှုဥပဒေဖြင့် အမှုဖွင့်ထား
Published 15 December 2017

စင်ကာပူနိုင်ငံအခြေစိုက် Grab အငှားယာဉ် ဝန်ဆောင်မှုကုမ္ပဏီကို Hello Cabs အငှားယာဉ်ကုမ္ပဏီက ယှဉ်ပြိုင်မှုအက်ဥပဒေဖြင့် ပိတောက်ချောင်းရဲစခန်းတွင် ၂၀၁၇ ခုနှစ် ဇူလိုင်လကုန်ပိုင်း၌ အမှုဖွင့်ထားကြောင်း Hello Cabs အငှားယာဉ်ကုမ္ပဏီမှ သိရသည်။

Grab အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းသည် ပြည်တွင်း၌ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်စမ်းသပ်ပြေးဆွဲနေသည့် အငှားယာဉ်လုပ်ငန်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်း၌ အများဆုံး အသုံးပြုနေကြသည့် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းလည်းဖြစ်သည်။

“ဒီကိစ္စအပေါ်မှာ သူတို့ဘက်က အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး ကျွန်မတို့ဘက်က လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်နေပါတယ်လို့ပဲ ပြောချင်တယ်။ ပြီးတော့ Grab အနေနဲ့လည်း တရားဝင် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ဖို့ ရှိပါတယ်” ဟု Grab ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Hello Cabs အငှားယာဉ်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းအား ဆက်သွယ် မေးမြန်းရာတွင် Grab ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်ရန်အတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Hello Cabs အငှားယာဉ်ကုမ္ပဏီအနေဖြင့် နှစ်နှစ်ကြာ စာရင်းပြုစုထားသည့်ဒေတာ အချက်အလက်များကို လုပ်ငန်းပူးပေါင်း လုပ်ကိုင်လိုသည့် ဆန္ဒဖြင့်ထုတ်ပြခဲ့ရာ Grab ကုမ္ပဏီအနေဖြင့် ယင်းအချက်အလက်များကို ယူသွားပြီး တစ်စုံတစ်ရာ ပြန်လည်ဆက်သွယ်ခြင်းမရှိဘဲ လအနည်းငယ်အကြာတွင် Grab အငှားယာဉ် လုပ်ငန်းကို စတင်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“ယှဉ်ပြိုင်မှုဥပဒေမှာ ပါရှိထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်ရှိနှင့်ပြီးသား လုပ်ငန်းကို ဈေးကွက်မှာ ဝင်လုပ်တယ်။ ပြီးတော့ တစ်ယောက်တည်း လက်ဝါးကြီးအုပ်တဲ့ စနစ်မျိုးနဲ့ အခမဲ့ စီးနင်းခွင့်ပေးတာတို့၊ သူများထက် ဈေးလျော့ပြီး ပရိုမိုးရှင်းပေးထားစတဲ့ အချက်အလက်က မလုပ်ရပါဘူး။ ဦးအနေနဲ့ တရားဥပဒေအရပဲ ဆက်လက်လုပ်ကိုင်သွားမယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းပြီး လုပ်သွားဖို့လည်း မရှိဘူး” ဟု Hello Cabs အငှားယာဉ်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းက ပြောကြားသည်။

Hello Cabs အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent