ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး MoU အမြန်ဆုံး ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး MoU အမြန်ဆုံး ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 21 November 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် နိုဝင်ဘာ ၂၂ နှင့် ၂၃ ရက်များတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ပြီး MoU အမြန်ဆုံး ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်သည့် ၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ဘင်္ဂလားဒေ့ရှ်မှ သတင်းထောက်တစ်ဦးက ၎င်းတို့နိုင်ငံတွင် ဒုက္ခသည်များ စုပြုံ ရောက်ရှိနေမှုအတွက် မြန်မာနိုင်ငံအနေဖြင့် ယင်းပြဿနာကို မည်သည့်ပုံစံနဲ့ ဖြေရှင်းမည်ဆိုသည်ကို သိချင်ကြောင်း မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “မနက်ဖြန်နဲ့ သဘက်ခါမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးမှု ရလဒ်တွေအရ MoU ကို အမြန်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၃ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်၍ မည်သည့်နေရာတွင် အခြေချ နေထိုင်ခဲ့သည်ဆိုခြင်းကို သက်သေပြနိုင်သော လူများကို ပြန်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ယင်းသဘောတူညီချက်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရကြား ဟိုးအရင်းက သဘောတူညီ လုပ်ဆောင် အောင်မြင်ခဲ့သည့် အတွက် ရှေ့ဆက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဆက်လက်ပြီး သတင်းထောက်တစ်ဦးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ဆွေးနွေးမှု အပြီးသတ်နိုင်ရန် နီးစပ်နေပြီလားဟု မေးမြန်းမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိတိကျကျ ဖြေရန် ခက်ခဲပြီး အမြန်ဆုံးသဘောတူညီမှု ရနိုင်ရန် မျှော်လင့်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်နဲ့ ကျွန်မတို့ မြန်မာနိုင်ငံအကြားဆွေးနွေးတာတွေက ဘယ်လောက်နီးစပ်လာပြီလဲ ဆိုတာကတော့ တိတိကျကျ ဂဏန်း သင်္ချာအရ ဖြေဖို့ဆိုတာကတော့ အင်မတန်မှ ခက်ပါတယ်။ ဒါပေမဲ့ ဒီဟာကို ဆွေးနွေးနေတာ ကျွန်မတို့ တစ်လကျော် နှစ်လလောက်ရှိပါပြီ။ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒီမှာရောက်နေတယ်ဆိုတော့ ကျွန်မတို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ သေသေချာချာ ဆွေးနွေးပြီးတော့ အမြန်ဆုံးတော့ နားလည်မှု ရနိုင်မယ် သဘောတူညီမှု ရနိုင်မယ်လို့တော့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တိတိကျကျတော့ ဘယ်လောက်နီးစပ်ပြီ ဆိုတာလည်း ဆိုတာကတော့ ပြောရ ခက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီသည် ၁၃ ကြိမ်မြောက် အေဆမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

Most Read

Most Recent