အလုပ်သမား ဆန္ဒပြမှုများတွင် ဥပဒေချိုးဖောက်ပြီး အကြမ်းဖက်မှုအသွင် ဆောင်လာခြင်းများ ဆက်တိုက် ဖြစ်လာခြင်းကြောင့် ပြည်ထောင်စုအဆင့် ကော်မရှင်၊ အစိုးရတာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

အလုပ်သမား ဆန္ဒပြမှုများတွင် ဥပဒေချိုးဖောက်ပြီး အကြမ်းဖက်မှုအသွင် ဆောင်လာခြင်းများ ဆက်တိုက် ဖြစ်လာခြင်းကြောင့် ပြည်ထောင်စုအဆင့် ကော်မရှင်၊ အစိုးရတာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး
Published 30 October 2017

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုမှ အလုပ်သမားများအား စက်ရုံအပြင်ဘက်တွင် တွေ့ရစဉ်

အလုပ်သမား ဆန္ဒပြမှုများတွင် ဥပဒေချိုးဖောက်ပြီး အကြမ်းဖက်မှုအသွင် ဆောင်လာခြင်းများ ဆက်တိုက် ဖြစ်လာခြင်းကြောင့်  သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ အစိုးရတာဝန်ရှိသူများ၊ နှင့် လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လက်ရှိ တဖြည်းဖြည်း အခြေအနေတွေက ဆိုးလာတယ်။ ဆန္ဒပြတာကို မပြောဘူး။ ကွန်တိန်နာတွေ၊ အော်ဒါတွေ အပြင်ထွက်လို့မရအောင် ပိတ်ဆို့ထားတဲ့ ဟာမျိုးတွေက ဒီလိုမျိုးဟာတွေက ဆန္ဒပြတာထက် ကျော်လွန်ပြီးတော့ ဥပဒေချိုးဖောက်တဲ့ အပိုင်းကို ရောက်သွားတယ်။ အကြမ်းဖက်မှုအသွင် ဖြစ်သွားတယ်။ ဒါမျိုးကိစ္စတွေက စက်ရုံတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဆွေးနွေးမှုများကို သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အလုပ်သမားဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် လှိုင်သာယာ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုအဆင့် လွှတ်တော် အလုပ်သမားရေးရာ ကော်မတီများ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ ပါဝင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

“အခုနောက်ပိုင်းမှာ စက်ရုံတွေကို ဖျက်ဆီးလာတဲ့ ဟာမျိုးတွေ၊ စက်ရုံတွေကို ပိတ်ဆို့တဲ့ ဟာမျိုးတွေ၊ နိုင်ငံခြားသားတွေကို ပိတ်ဆို့ပြီးတော့ အထဲကို ပေးမဝင်တဲ့ ကိစ္စမျိုးတွေ၊ အတွင်းကနေပြီးတော့ အပြင်ကို ပေးမထွက်တဲ့ ကိစ္စမျိုးတွေ ဒါတွေကို ဥပဒေအရ အရေးယူဖို့ဆိုတာ ဘယ်လိုစီမံ ဆောင်ရွက်မလဲ ဆွေးနွေးတာပါ။ ဆန္ဒမပြချင်တဲ့ အလုပ်သမားတွေကလည်း ရန်ရှာခြင်းခံရတယ်။ ဆန္ဒမပြချင်တဲ့ အလုပ်သမားတွေကလည်း ဆန္ဒပြလို့ စက်ရုံတွေ ပိတ်ထားရတဲ့အတွက် သူတို့မှာ အလုပ်ကို ထိခိုက်နစ်နာလာတယ်။ လစာတွေ လျော့နည်းလာတယ်။ ဒါကြောင့်မို့လို့ ဆန္ဒပြတဲ့သူတွေနဲ့ မပြတဲ့သူတွေ ပြဿနာ ဖြစ်လာတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

 

Most Read

Most Recent