စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျန်းမာရေးဌာနက ရွေ့လျားဆေးအဖွဲ့များဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (စီမံချက်) စတင်

စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျန်းမာရေးဌာနက ရွေ့လျားဆေးအဖွဲ့များဖြင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (စီမံချက်) စတင်
Published 18 October 2017

အောက်တိုဘာ ၁၃ ရက်က ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ပေးနေစဉ်

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရွေ့လျားဆေးအဖွဲ့များဖြင့် ပဏာမကျန်း မာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ဆေးဝါးကုသမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အရေးပေါ်လူနာ လွှဲပြောင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ဆေးထိုးလုပ်ငန်း၊ အာဟာရစောင့်ရှောက်မှု လုပ်ငန်းများကို စီမံချက်အသွင်ဖြင့် လုပ်ဆောင်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ခြင်း လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရေး၊ လူမျိုး၊ ဘာသာ၊ ကျား/မ မည်သည့်ခွဲခြားမှုမှမရှိစေဘဲ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးတို့အတွက် ရခိုင်ပြည်နယ် ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Rakhine Health Development Plan) ပါ ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ရွေ့လျားဆေးအဖွဲ့များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များတွင် ပါဝင်သော ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အောက်တိုဘာ ၁၃ ရက်က ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ဦးဆောင်သော ပြည်နယ် ပြည်သူ့ကျန်းမာရေး ဆရာဝန်ကြီးလေးဦး၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း၊ သူနာပြုလေးဦးနှင့် အခြားကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ကျန်းမာရေးဝန်ထမ်း၂၄ ဦးပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းအဖွဲ့သည် ရသေ့တောင်မြို့နယ်၊ ကူတောင် (ရခိုင်) ရွာနှင့် အနောက်ပြင် (ဘင်္ဂါလီ) ရွာများသို့ ကွင်းဆင်း၍ဆေးကုသခြင်း၊ အာဟာရ ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း၊ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကူတောင် (ရခိုင်) ရွာတွင် ပြင်ပလူနာ ၂၆၁ ဦး၊ အာဟာရစောင့်ရှောက်မှုလုပ်ငန်း ၄၀၊ ကျန်းမာရေးပညာပေးမှု ၇၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း၊ အနောက်ပြင် (ဘင်္ဂါလီ) ရွာတွင် ပြင်ပလူနာ ၂၀၆ ဦး၊ ငါးနှစ်အောက် ကလေးကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ၅၇ ဦး၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်း ၂၆ ဦး၊ ကလေးငယ်များအား အာဟာရစောင့်ရှောက်မှုပေးခြင်း ၁၅၀၊ ကျန်းမာရေးပညာပေးခြင်း ၈၈ ဦးကို ဆောင်ရွက်ပေးခဲ့ပြီး စစ်တွေဆေးရုံကြီးသို့ လူနာတစ်ဦး လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရသည်။

Most Read

Most Recent