ဟုမ္မလင်းမြို့နယ် နောင်ဖွတ်မော်ရပ်ကွက်တွင် နာဂရိုးရာ မီးပုံပွဲကျင်းပ

ဟုမ္မလင်းမြို့နယ် နောင်ဖွတ်မော်ရပ်ကွက်တွင် နာဂရိုးရာ မီးပုံပွဲကျင်းပ
Published 12 October 2017

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ဖွတ်မော်ရပ်ကွက်တွင် အောက်တိုဘာ ၁၁ ရက် (ယနေ့) ညနေ ၅ နာရီခန့်က နာဂရိုးရာ မီးပုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နာဂရိုးရာ မီးပုံပွဲကို ဟုမ္မလင်းမြို့သို့ ရောက်ရှိနေသော နိုင်ငံခြား ခရီးသွားများ၏ တောင်းဆိုချက်အရ ကျင်းပခဲ့ခြင်းဖြစ်ပြီး တန်ကွန်၊ ပါရာ၊ မကူရီ နာဂလူမျိုးစု ၃ စု၏ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေ ကပြခဲ့ကြောင်း သိရသည်။

"ဒီပွဲလေးက နိုင်ငံခြား ဧည့်သည်တွေက နာဂလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကို တွေ့မြင်ချင်တယ်ဆိုပြီး တောင်းဆိုလာလို့ လုပ်ပေးရပါတယ်။ အချိန်မရတာရယ် ရိုးရာပစ္စည်းတွေက ဒီမှာ အပြည့်အစုံ မရှိတာရယ်ကြောင့် နာဂရိုးရာ စစ်စစ်ကို မပြနိုင်ပေမယ့် အနီးစပ်ဆုံးတူအောင် ကြိုးစားထားပါတယ်။ နောင်ကို နာဂရိုးရာ ယဉ်ကျေးမှုစစ်စစ်ကို ချပြနိုင်တဲ့ ပွဲတွေလုပ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်" ဟု ပွဲစီစဉ်ကျင်းပသူ နာဂရိုးရာ ယဉ်ကျေးမှုကော်မတီမှ ဒေါ်အေးအေးခိုင်မှ ပြောပြသည်။

နာဂမျိုးနွယ်စုပေါင်း ၄၇ စုရှိ၍ အများစုမှာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လေရှီးမြို့၊ လဟယ်မြို့၊ နန်းယွန်းမြို့များနှင့် နာဂတောင်တန်းများပေါ်တွင်သာ နေထိုင်ကြပြီး မျိုးနွယ်စု တစုနှင့်တစုသည် ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများ မတူကြကြောင်းလည်း သိရသည်။

Most Read

Most Recent