Greenpeace အဖွဲ့က အင်ဒိုနီးရှား ဆီအုန်းစက်ရုံပေါ်သို့တက်၍ ဆန့်ကျင်ဆန္ဒပြခဲ့

Greenpeace အဖွဲ့က အင်ဒိုနီးရှား ဆီအုန်းစက်ရုံပေါ်သို့တက်၍ ဆန့်ကျင်ဆန္ဒပြခဲ့
Published 26 September 2018

စက်တင်ဘာ ၂၅ ရက်တွင် မြောက်ဆူလာဝေစီရှိ ဆီအုန်းသန့်စင်စက်ရုံ၌ ဆီအုန်းဆန့်ကျင်သည့် စာတန်းကို ချိတ်ဆွဲထားစဉ် (Photo - AFP)

ဆပ်ပြာမှအစ ဘီစကွပ်မုန့်များအထိ ဆီအုန်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်းကို ဆန်ကျင်သည့်အနေဖြင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Greenpeace မှ အဖွဲ့ဝင်များနှင့် နာမည်ကျော် အင်ဒိုနီးရှား ရော့ခ်တေးဂီတအဖွဲ့တစ်ဖွဲ့တို့သည် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းပေါ်ရှိ ဆီအုန်းစက်ရုံအဆောက်အအုံပေါ်သို့ တွယ်တက်ခဲ့ကြကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ ၃၀ ပါဝင်ပြီး အများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း၊ ထို့ပြင် ဆီအုန်းပင် စိုက်ပျိုးခြင်းများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနေသည်ကို ပြည်သူလူထုက ပို၍အာရုံစိုက်လာစေရန် အင်ဒိုနီးရှားရော့ခ်အဖွဲ့ Boomerang လည်း ထိုလှုပ်ရှားမှုတွင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း Greenpeace အဖွဲ့က ပြောကြားခဲ့သည်။

ထို့ပြင် Boomerang အဖွဲ့သည် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တေးသီချင်းများကို ဆီအုန်းစက်ရုံအဆောက်အဦ၏ ထိပ်ဖျားတွင် သီဆိုခဲ့ကြောင်းသိရသည်။ အဖွဲ့သားများသည် စက်ရုံနံရံတွင် Drity ဟူသောစာလုံးကို မှုတ်ဆေးဖြင့်ပုံဖော်ခဲ့ကြပြီး “မသန့်ရှင်းသောဆီအုန်းများ ထုတ်လုပ်မှု အခုချက်ချင်းရပ်” ဟူသည့် အလံကိုလည်း ချိတ်ဆွဲထားခဲ့ကြောင်း၊ အဆိုပါဆီအုန်း စက်ရုံမှာ စင်ကာပူနိုင်ငံ၏ Wilmar International ကုမ္ပဏီပိုင်ဖြစ်ပြီး Wilmar ကုမ္ပဏီသည် Colgate ၊ Nestle နှင့် Unilever စသော နာမည်ကြီးကုန်တံဆိပ်များကို ပစ္စည်းများ တင်သွင်းနေကာ ကမ္ဘာ့အကြီးဆုံး ဆီအုန်းကုန်သွယ်ရေး လုပ်ဆောင်သည့် ကုမ္ပဏီကြီးဖြစ်ကြောင်း Greenpeace  အဖွဲ့က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent