ဂါဇာစစ်ပွဲအပေါ် နေတန်ယာဟု၏ ချဉ်းကပ်ပုံသည် အစ္စရေးကို ထိခိုက်စေကြောင်း ဘိုင်ဒင် ပြောကြား

ဂါဇာစစ်ပွဲအပေါ် နေတန်ယာဟု၏ ချဉ်းကပ်ပုံသည် အစ္စရေးကို ထိခိုက်စေကြောင်း ဘိုင်ဒင် ပြောကြား
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တဲလ်အဗစ်မြို့တွင် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တွေ့ဆုံနေစဉ်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တဲလ်အဗစ်မြို့တွင် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ တွေ့ဆုံနေစဉ်
Published 10 March 2024

ဂါဇာစစ်ပွဲအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ ချဉ်းကပ်ပုံသည် အစ္စရေးကို ကူညီရာရောက်ခြင်းထက် ပိုပြီးထိခိုက်စေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မတ် ၉ ရက်က ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုပြောကြားချက်ကြောင့် ဘိုင်ဒင်သည် နေတန်ယာဟုအပေါ် စိတ်မရှည်တော့သည့် အခြေအနေသည် ပိုမိုသိသာ ထင်ရှားလာခဲ့သည်။

ဂါဇာဒေသ၏ လူသားချင်းစာနာ ထောက်ထားမှု ပိုမိုဆိုးရွားလာမှုနှင့်အတူ ဘိုင်ဒင်သည် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို အစ္စရေးက ခြိမ်းခြောက်ခဲ့သည့် စစ်ဆင်ရေးနှင့်ပတ်သက်ပြီး နောက်ဆုံးသတ်မှတ်ချက်များအပေါ် မေးခွန်းထုတ်နေချိန်တွင် ယခုကဲ့သို့ ၀ိရောဓိဖြစ်စေသည့် မှတ်ချက်စကားများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“နေတန်ယာဟာအနေနဲ့ အစ္စရေးကို ကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ဟားမာ့စ်အဖွဲ့ကို လိုက်လံရှာဖွေပြီး ဆက်လက် ချေမှုန်းခွင့်ရှိပါတယ်။ ဒါပေမယ့် အပြစ်မရှိတဲ့ အသက်တွေ မဆုံးရှုံးစေဖို့ကို ပိုပြီး အာရုံစိုက်လုပ်ဆောင်ရ ပါမယ်

”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ကျွန်တော့်အမြင်တော့ သူက အစ္စရေးကို ကူညီပေးနေတာထက် နာကျင်အောင်ပို လုပ်နေသလိုပါပဲ”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဂါဇာဒေသ၏ လူဦးရေ ၂ ဒသမ ၄ သန်း အနက် ၁ ဒသမ ၅ သန်းခန့် နေထိုင်လျက်ရှိသည့် ရာဖာမြို့ကို အစ္စရေးက ကျူးကျော်ဝင် ရောက်မည့် အလားအလာရှိနေချိန်တွင် ဘိုင်ဒင်က ရှင်းလင်းပြတ်သားမှုမရှိသည့် စကားများ ပြောကြားခဲ့သည်။

“ဒါက နောက်ဆုံးစည်းဖြစ်ပါတယ်။ ကျွန်တော် အစ္စရေးကို ဘယ်တော့မှ ကျောခိုင်းထားခဲ့မှာမဟုတ်ပါဘူး။ အစ္စရေးကို ကာကွယ်ရေးဟာ အရေးကြီးနေဆဲဖြစ်ပါတယ်။  အစ္စရေးကို ကာကွယ်ပေးမယ့် Iron Dome လေကြောင်းကာကွယ်ရေးစနစ်မရှိတဲ့ အခြေအနေရောက်အောင် လက်နက်အားလုံးကို ကျွန်တော်ဖြတ်တောက်သွားမှာ မဟုတ်ပါ ဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ထို့ပြင် ပါလက်စတိုင်း သေဆုံးသူအရေအတွက် ၃၀၀၀၀ ထက် မကျော်လွန်စေရသည့် နောက်ဆုံးစည်းလည်း ထားရှိထားသည်ဟု ဘိုင်ဒင်က ထပ်မံပြောကြားခဲ့ပြန်သည်။

ဂါဇာစစ်ပွဲ အချိန်ငါးလကြာမြင့်လာပြီးနောက် အငတ်ဘေးဆိုက်မည်ဟူသော သတိပေးမှုများ အကြိမ်ကြိမ်ရှိလာသည့် အနေအထားတွင် အကူအညီများပေးနိုင်ရေးအတွက် ဂါဇာတွင် ယာယီဆိပ်ကမ်း ထူထောင်ရန် ဘိုင်ဒင်က မတ် ၇ ရက်တွင် အမေရိကန်စစ်တပ်ကို ညွှန်ကြားခဲ့သည်။

ဘိုင်ဒင်သည် မတ် ၇ ရက် ညပိုင်းတွင် ကွန်ဂရက်ကို မိန့်ခွန်းပြောကြားစဉ် ဂါဇာ၌ ယာယီဆိပ်ကမ်းတစ်ခု ထူထောင်မည့် အကြောင်းပြောကြားခဲ့သည်။ယင်းသည် ဂါဇာ၌ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာသည့်တိုင် အစ္စရေးကို ခိုင်ခိုင်မာမာထောက်ခံကြောင်း ပြောကြားနေသည့် သမ္မတဂျိုးဘိုင်ဒင် ရင်ဆိုင်နေရသည့် နိုင်ငံရေးဖိအား၏ လက္ခဏာဖြစ်သည်ဟု ဆိုသည်။

ဖွင့်လှစ်မည့် ဆိပ်ကမ်းသို့အကူအညီများ စတင်မပေးပို့မီ သီတင်းပတ်ချီ ကြာမြင့်ဦးမည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန် အစိုးရသည် အစ္စရေးကို စောင့်နေလိမ့်မည် မဟုတ်ဟုဆိုသည်။

“ကျွန်တော်တို့က အစ္စရေးတွေကို စောင့်နေမှာမဟုတ်ပါဘူး။ ဒါဟာ အမေရိကန်ခေါင်းဆောင်ပိုင်းက လုပ်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။                      Ref:AFP

Most Read

Most Recent