ထရန့်နှင့် ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ တရုတ်သမ္မတရှီနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်တို့ ထပ်မံတွေ့ဆုံ

ထရန့်နှင့် ထိပ်သီးတွေ့ဆုံပွဲမတိုင်မီ တရုတ်သမ္မတရှီနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်တို့ ထပ်မံတွေ့ဆုံ
Published 10 May 2018

မေ ၈ ရက်က မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ (KCNA) က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ တာ့လျံမြို့တွင် တရုတ်သမ္မတ ရှီနှင့် မြောက်ကိုရီးယားခေါင်းဆောင်ကင်တို့ စကားပြောနေမှုကို တွေ့ရစဉ် (Photo -AFP)

တရုတ်သမ္မတရှီကျင်ပင်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် သီတင်းခြောက်ပတ်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မေ ၈ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် ရှီသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် ဆက်လက်စကားပြောခဲ့သည်။

ကင်သည် ရှီနှင့်တွေ့ဆုံစဉ်က ကိုရီးယား ကျွန်းဆွယ်နျူကလီးယား ကင်းစင်ရေးအတွက် စိတ်ပိုင်းဖြတ်ထားသည်ဟု ထပ်လောင်းပြောကြားခဲ့သည်ဟု သိရသည်။ ရှီသည် ကင်နှင့် တွေ့ပြီးနောက်၌ ထရန့်ထံသို့ ဖုန်းခေါ်ပြီး မြောက်ကိုရီးယားခေါင်းဆောင်၏ လုံခြုံရေး စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားပေးရန် တိုက်တွန်းခဲ့သည်။ ကြိုတင်ကြေညာခြင်း မရှိဘဲ တရုတ်ဆိပ်ကမ်းမြို့ တာ့လျံသို့ သွားခဲ့သည့်ကင်၏ ယခုခရီးစဉ်သည် မတ်လနောက်ပိုင်း ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံ ခရီးစဉ်ဖြစ်လာခဲ့သည်။

“ကျွန်တော်နဲ့ ရဲဘော်ရဲဘက်ခေါင်းဆောင် (ကင်) တို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှုအပြီးမှာ တရုတ်-မြောက်ကိုရီးယား ဆက်ဆက်ဆံရေးရော ကိုရီးယားကျွန်းဆွယ် အခြေအနေတွေပါ အပြုသဘောဆောင်တဲ့ တိုးတက်မှုရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ဝမ်းမြောက်မိပါတယ်” ဟု ရှီက ပြောကြားခဲ့ကြောင်း တရုတ်အစိုးရသတင်း အေဂျင်စီဆင်ဟွာတွင် ဖော်ပြခဲ့သည်။

ကင်နှင့် ရှီတို့သည် အချင်းချင်းနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြပြီး အစည်းအဝေးအတွင်း ပျော်ရွှင်ကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV တွင်မူ ရှီနှင့် ကင်တို့ ပင်လယ်ကမ်းခြေ၌ လမ်းလျှောက်နေကြပုံ၊ အစည်းအဝေးအခန်းတစ်ခုတွင် အစိုးရအရာရှိအချို့နှင့် ဆွေးနွေးပွဲ ကျင်းပနေကြပုံတို့ကို ဖော်ပြခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် မေ ၇ ရက်နှင့် ၈ ရက်တို့တွင် တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာက ဆိုသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများသည် ၎င်းတို့၏ ရန်လိုသောမူဝါဒများကို ဖျက်သိမ်းပြီး မြောက်ကိုရီးယားအပေါ် လုံခြုံရေး ခြိမ်းခြောက်မှုများအား ဖယ်ရှားထားသရွေ့ မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်လာစရာမလိုကြောင်း ကင်က ရှီကို ပြောခဲ့သည်ဟု ဆင်ဟွာတွင် ဖော်ပြခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် နျူကလီးယားကင်းစင်ပြီး ငြိမ်းချမ်းရေး ရရှိရန်အတွက် အဆင့်ဆင့်ပြောင်းလဲ တိုးတက်မှုများ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ကင်က ဆိုသည်။

ကိုရီးယားကျွန်းဆွယ်မှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာသွားရေးနှင့် တောင်ကိုရီးယားအတွက် အမေရိကန်၏ နျူကလီးယား အကာအကွယ်ပေးမှုများကို အဆုံးသတ်ရေးတို့ကို မြောက်ကိုရီးယားက တောင်းဆိုနေသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။

ထရန့်ကမူ တောင်ကိုရီးယားမှ တပ်ဖွဲ့ဝင်များကို လျှော့ချရန် စိတ်ကူးမရှိသေးကြောင်း၊ သို့သော် ရေရှည်တွင်မူ ဖြစ်လာနိုင်ခြေရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ဖူးသည်။

ထရန့်နှင့် ဖုန်းပြောဆိုမှုတွင် ရှီက အမေရိကန်နှင့် မြောက်ကိုရီးယားတို့အတူ လက်တွဲပြီး ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်ရန် ၎င်းက မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား၏ အကျိုးအကြောင်းသင့်သော လုံခြုံရေးစိုးရိမ်မှုကိုလည်း စဉ်းစားပေးရန် ရှီက ပြောကြားခဲ့သည်။ ရှီနှင့် ထရန့်တို့သည် မြောက်ကိုရီးယားအပေါ် စီးပွားရေး ဖိအားပေးမှုကို ဆက်လက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်ဟု အမေရိကန်က ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent