ဂျီဟတ်များ၏ ပစ်ခတ်မှုများအပြီး သူရဲကောင်းဆန်သော ပြင်သစ်ရဲတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး

ဂျီဟတ်များ၏ ပစ်ခတ်မှုများအပြီး သူရဲကောင်းဆန်သော ပြင်သစ်ရဲတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး
Published 25 March 2018

မတ် ၂၃ ရက်က ပြင်သစ်တောင်ပိုင်းရှိ Trebes မြို့တွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ကားတစ်စီးအား ရှာဖွေနေသော ပြင်သစ်ရဲများကို တွေ့ရစဉ် (ပုံကြီး) (Photo- AP) ၊ သေဆုံးခဲ့သည့် ပြင်သစ်ဒုတိယရဲမှူးကြီး Arnaud Beltrame (ပုံသေး) (Photo - AFP)

အစ္စလာမ္မစ်အကြမ်းဖက်သမားတစ်ဦး၏ တိုက်ခိုက်မှုအတွင်း အမျိုးသမီးဓားစာခံတစ်ဦး၏ အစားဝင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည့် ပြင်သစ်ရဲတစ်ဦးသည် ပစ်ခတ်ခံခဲ့ရမှုနှင့် ဓားဖြင့်ထိုးခံခဲ့ရမှုများကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် မတ် ၂၄ ရက်တွင် သေဆုံးခဲ့ရာ သေနတ်သမား၏လက်ချက်ဖြင့် လေးဦးမြောက် သေဆုံးသူဖြစ်လာခဲ့သည်။

ပြင်သစ်အနောက်တောင်ပိုင်းရှိ Trebes မြို့တွင် IS ဂျီဟတ်အဖွဲ့အား သစ္စာခံသည်ဟု ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားသော တိုက်ခိုက်သူတစ်ဦးက မတ် ၂၃ ရက်တွင် စူပါမားကတ်တစ်ခုထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ဈေးဝယ်သူများနှင့်ဝန်ထမ်းများအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာသို့ အလျင်အမြန်သွားရောက်ခဲ့ကြသည့် တာဝန်ရှိသူများထဲတွင် အသက် ၄၅ နှစ်ရှိ ဒုတိယရဲမှူးကြီး Arnaud Beltrame လည်း အပါအဝင်ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲများက ရောက်ရှိလာပြီး ထိုသေနတ်သမားအား မချေမှုန်းနိုင်မီ Beltrame သည် ပစ်ခတ်ခံရပြီး ဓားဖြင့် ထိုးခံခဲ့ရခြင်း ဖြစ်သည်။

ဒုတိယရဲမှူးကြီး Arnaud Beltrame သည် ကွယ်လွန်ခဲ့ပြီဖြစ်ပြီး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြောင်း၊ ၎င်း၏ သူရဲကောင်းဆန်မှုအား ပြင်သစ်ကမည်သည့် အခါမျှ မေ့ပျောက်မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး Gerard Collomb က Twitter တွင် ဂုဏ်ပြုရေးသားခဲ့သည်။

ပြင်သစ် သမ္မတ အီမန်နျူရယ်မက်ခရွန် ကလည်း Beltrame သည် လူ့အသက်ပေါင်းများစွာအား ကယ်တင်နိုင်ခဲ့ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ပြင်သစ်တွင် ပြီးခဲ့သောအောက်တိုဘာ၌ မာဆေးရှိ ဘူတာရုံတစ်ရုံတွင် တူနီးရှား အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း စုစုပေါင်းလူလေးဦး သေဆုံးခဲ့ရသည့် ယခုဂျီဟတ်တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သူသည် အသက် ၂၅ နှစ်ရှိ Radouane Lakdim ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အနောက်တိုင်းရန်သူများအား ပစ်မှတ်ထားရန် တိုက်တွန်းမှုကို တုံ့ပြန်မှုဖြစ်ကြောင်း IS အဖွဲ့က အခိုင်အမာထုတ်ပြန်ခဲ့သည်။ ပြင်သစ်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း လူ ၂၄၀ ကျော် သေဆုံးခဲ့ရသော ဂျီဟတ်များ၏ တိုက်ခိုက်မှု တစ်သီတစ်တန်းကြုံခဲ့ရပြီးနောက်ပိုင်း လုံခြုံရေးအတွက် အမြင့်ဆုံးတပ်လှန့်ထားစဉ် ယခု  တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ခိုက်သူသည် ၎င်း၏ အစွန်းရောက်မှုနှင့် Salafist လှုပ်ရှားမှုနှင့် ဆက်နွှယ်မှုများအတွက် စောင့်ကြည့်စာရင်းတွင် ပါဝင်သူဖြစ်ကြောင်း၊ အွန်လိုင်းတွင် ၎င်းက အစွန်းရောက်များနှင့် ဆက်သွယ်မှုများမှတစ်ဆင့် ခြေရာခံနိုင်ခဲ့ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ အစိုးရထိပ်တန်းရှေ့နေ ဖရန်ဆွာမိုလင်းက ပြောကြားခဲ့သည်။  Lakdim သည် မော်ရိုကိုမြောက်ပိုင်းရှိ တာဇာမြို့တွင် မွေးဖွားခဲ့ပြီး ပြင်သစ်နိုင်ငံသား ခံယူထားကြောင်း၊ Trebes မြို့အနီး Carcassonne တွင် ၎င်းနှင့် အတူနေထိုင်သည့် လက်တွဲဖော်ကိုလည်း ထိန်းသိမ်းခဲ့ကြောင်း မိုလင်းက ပြောကြားခဲ့သည်။

Lakdim သည် အလားအလာရှိသော အစွန်းရောက်သမားအဖြစ် စောင့်ကြည့်ခံနေရသော်လည်း ယခုကဲ့သို့ လွတ်မြောက်သွားမှုအတွက် မက်ခရွန်အစိုးရကို မေးခွန်းထုတ်မှုများ ထွက်ပေါ်စေခဲ့သည်။

Ref ; AFP

Most Read

Most Recent