ရာအူးကက်စ်ထရိုက ၂၀၁၈ ခုနှစ် ဧပြီတွင် ကျူးဘားသမ္မတအဖြစ်မှ အနားယူမည်

ရာအူးကက်စ်ထရိုက ၂၀၁၈ ခုနှစ် ဧပြီတွင် ကျူးဘားသမ္မတအဖြစ်မှ အနားယူမည်
Published 23 December 2017

ဒီဇင်ဘာ ၂၁ ရက်က ဟာဗားနားရှိ လွှတ်တော်တွင် မိန့်ခွန်းပြောနေသော ကျူးဘားသမ္မတ ရာအူးကက်စ်ထရို (Photo: AFP)

ကျူးဘားသမ္မတ ရာအူးကက်စ်ထရိုက ၎င်း၏နေရာဆက်ခံမည့်သူအား အုပ်ချုပ်ရေးကောင်စီက ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် ၂၀၁၈ ခုနှစ်ဧပြီတွင် သမ္မတအဖြစ်မှဆင်းပေးမည်ဟု ဒီဇင်ဘာ ၂၁ ရက်က လွှတ်တော်အစည်းအဝေးတစ်ခု၌ ကြေညာခဲ့သည်။ ယင်းအတွက်ကြောင့် အသက် ၈၆ နှစ်ရှိ ကက်စ်ထရိုသည် သမ္မတရာထူးကို ကြိုတင်မျှော်မှန်းထားသည်ထက် နှစ်လပို၍ ထမ်းဆောင်မည်ဖြစ်သည်။

အမျိုးသားလွှတ်တော် ခေါ်ယူသည့်အချိန် (လာမည့် ဧပြီ) တွင် နိုင်ငံတော်နှင့် အစိုးရခေါင်းဆောင်အဖြစ် ထမ်းဆောင်သည့် ၎င်း၏ဒုတိယမြောက်နှင့် နောက်ဆုံးသက်တမ်းသည် အဆုံးသတ်မည်ဖြစ်ပြီး ကျူးဘားတွင် သမ္မတသစ် ထွက်ပေါ်လာမည်ဖြစ်ကြောင်း ကက်စ်ထရိုက လွှတ်တော်အစည်းအဝေးအပိတ်၌ ပြောကြားခဲ့သည်။

ကွန်မြူနစ်အုပ်ချုပ်သော ကျူးဘား၏ရွေးကောက်ပွဲဆိုင်ရာ ပြက္ခဒိန်နှင့်ဆက်နွှယ်သည့်စနစ်အရ ကက်စ်ထရိုသည် လာမည့်ဖေဖော်ဝါရီတွင် သမ္မတအဖြစ်မှ နုတ်ထွက်ရမည်ဖြစ်သည်။ သို့သော် ပြီးခဲ့သောစက်တင်ဘာတွင် ကျူးဘားကျွန်းစုသို့ ဟာရီကိန်းဝင်ရောက်မှုကြောင့် ရွေးကောက်ပွဲများကို နောက်ဆုတ်ခဲ့ရသည်။

ကျူးဘားတွင် အဖွဲ့ဝင် ၃၁ ဦးပါဝင်သော နိုင်ငံတော်ကောင်စီက သမ္မတကို အမည်စာရင်းတင်သွင်းခြင်းဖြစ်ပြီး ယင်းကောင်စီဥက္ကဋ္ဌသည် အလိုအလျောက်သမ္မတဖြစ်မည်ဖြစ်သည်။ သို့သော် အဆိုပါကောင်စီကို အမတ်နေရာ ၆၀၀ ခန့်ရှိသော အမျိုးသားလွှတ်တော်က ဦးစွာရွေးချယ်ရမည်ဖြစ်ပြီး ယင်းရွေးချယ်မှုအား ဧပြီ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ လွှတ်တော်အစည်းအဝေးသစ် စတင်မည့်ရက်ကိုမူ မသတ်မှတ်ရသေးပေ။

ယာယီသမ္မတအဖြစ် နှစ်နှစ်ကြာထမ်းဆောင်ခဲ့အပြီး ၂၀၀၈ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သည့် ကက်စ်ထရိုက သူသည် သက်တမ်းသစ်ထမ်းဆောင်ခွင့်ရရန် ကြိုးပမ်းတော့မည်မဟုတ်ဟု ကြေညာခဲ့ပြီးဖြစ်သည်။ ရာအူးကက်စ်ထရို၏ ရာထူးမှထွက်ခွာမှုသည် ဆယ်စုနှစ်ခြောက်ခုကြာမြင့်ခဲ့သော ကက်စ်ထရိုညီအစ်ကို၏အုပ်စိုးမှုကို အဆုံးသတ်သွားစေမည်ဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် ကွယ်လွန်ခဲ့သော ရာအူး၏အစ်ကိုဖြစ်သူ ဖီဒယ်ကက်စ်ထရိုသည် လက်ဝဲယိမ်း လူထုတော်လှန်ရေးအား ဦးဆောင်ခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

ရာအူးသည် ယင်းကဲ့သို့ ရာထူးမှအနားယူခဲ့သော်လည်း သြဇာကြီးကျူးဘားကွန် မြူနစ်ပါတီ၏ခေါင်းဆောင်အဖြစ် ပါတီညီလာခံကျင်းပမည့် ၂၀၂၁ ခုနှစ် (အသက် ၉၀ အရွယ်ရှိမည်) အထိ ဆက်ရှိနေမည်ဟု မျှော်လင့်ရသည်။

ရာအူး၏ ပထမ ဒုတိယသမ္မတဖြစ်သူ အသက် ၅၇ နှစ်ရှိ မီဂွယ်ဒီယက်ဇ်ကာနယ်သည် ၎င်း၏နေရာအား ဆက်ခံမည့်သူအဖြစ် ရှုမြင်ခံထားရသည်။ သမ္မတအဖြစ် မည်သူရွေးချယ်ခံရသည်ဖြစ်စေ ၎င်းသည် ရာအူးက ဆောင်ရွက်ခဲ့သည့် စီးပွားရေးအသွင်ပြောင်းမှုများအား ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ကက်စ်ထရိုညီအစ်ကိုများက အခြေခိုင်စေရန်လုပ်ဆောင်ခဲ့သည့် ကွန်မြူနစ်ပါတီစည်းမျဉ်းများကို အားကောင်းစေရန် ခက်ခဲသောတာဝန်များအား ထမ်းဆောင်ရမည်ဖြစ်သည်။

Most Read

Most Recent