သတ်မှတ်ချိန်အတွင်း စီမံကိန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တာဝန်ယူ၊ တာဝန်ခံမှုပြုသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ပြောကြား

သတ်မှတ်ချိန်အတွင်း စီမံကိန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တာဝန်ယူ၊ တာဝန်ခံမှုပြုသည့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ပြောကြား
Published 19 May 2018

၂၀၁၈ ခုနှစ် ဧပြီလအတွင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်လံစစ်ဆေးနေသည့် ယခု ဝန်ကြီးတာဝန်မှ နုတ်ထွက်သွားသော ဆလိုင်းအိုက်ဇက်ခင် (လယ်) အား တွေ့ရစဉ် (ဓာတ်ပုံ- Salai Isaac Khen Facebook)

ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေး တည်ဆောက်ရေးနှင့် ဖလမ်း ရေပေးရေး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်  သတ်မှတ်အချိန်အတွင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် တာဝန်ယူ တာဝန်ခံမှုပြုသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ခြင်း ဖြစ်ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ Facebook စာမျက်နှာတွင် မတ် ၁၈ ရက်က ရေးသားထားသည်။

နိုင်ငံတော်သမ္မတက ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ယင်း၏ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုကြောင်း မေ  ၁၇ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံးက အမိန့်အမှတ် (၂၁/၂၀၁၈) အား ထုတ်ပြန်ကြေညာခဲ့သည်။

“ဟားခါးမြို့ပြစီမံကိန်း၊ ဟားခါးဈေး တည်ဆောက်ရေးနှင့် ဖလမ်းရေပေးရေးစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ သတ်မှတ်အချိန်ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အတွက် သက်ဆိုင်ရာပြည်သူလူထုတွေမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာကြောင့် မိမိကွပ်ကဲမှုအောက်ရှိ လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှုပြုတဲ့အနေနဲ့ မိမိ သဘောဆန္ဒအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး၊ ယမန်နေ့ (၁၇ မေလ ၂၀၁၈) မှာ နိုင်ငံတော်သမ္မတကြီးက တရားဝင် ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ မိမိအနေနဲ့ တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်တာ ကာလအတွင်း ပြည်နယ်အကျိုးအတွက် ကိုယ်ကျိုးမဖက် ရိုးသားမှန်ကန် သန့်ရှင်း ဖြောင့်မတ်စွာ ကြိုးစားထမ်းရွက်ခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကို အခြေခံပြီး မိမိကြောင့် ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်ကြုံတွေ့ခဲ့ရတာမျိုး ရှိခဲ့မယ်ဆိုရင်လည်း မိမိရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွှတ် ပေးကြဖို့ ပန်ကြားလိုပါတယ်”ဟု ဆလိုင်းအိုက်ဇက်ခင်က ရေးသားထားသည်။

ဒီမိုကရက်တစ်လူ့ဘောင်တွင် တာဝန်ယူ တာဝန်ခံကြရသည်ဖြစ်သည့်အတွက် မိမိဆန္ဒသဘောအလျောက် ချင်းပြည်နယ်ဝန်ကြီး တာဝန်မှနုတ်ထွက်ခြင်းဖြစ်သည်ဟု ချင်းပြည်နယ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မတ် ၁၈ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

“အထူးသဖြင့်ကတော့ ကိုယ်လုပ်နိုင်တာ ၁၀ ခုရှိစေကာ ဦးတော့ ကိုယ်မလုပ်နိုင်တာ တစ်ခု၊ နှစ်ခုကြောင့် ပြည်သူလူထုမှာ အခက်အခဲ ဖြစ်လာတယ်ဆိုလို့ရှိရင် ဒါဟာ  Democratic Government မှာ၊ ဒီမိုကရက်တစ် လူ့ဘောင်မှာ တာဝန်ယူ တာဝန်ခံကြတာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်က တာဝန်ယူ တာဝန်ခံတဲ့အနေနဲ့ နုတ်ထွက်ခွင့်တင်တာပဲ ဖြစ်ပါတယ်။ ဒီနှစ်နှစ်အတွင်းမှာ ကျွန်တော့်အနေနဲ့ ပြည်နယ်အတွက် ကြိုးစားပြီးတော့ သန့်သန့်ရှင်းရှင်း၊ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ နှစ်နှစ်အတွင်းမှာ ထောက်ခံအားပေး ယုံကြည်ပေးကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ကတော့ အများကြီးတော့ သတ္တိမွေးရတာပေါ့။ သတ္တိမွေးရတာပေါ့ဆိုတာက တာဝန်ယူ တာဝန်ခံတဲ့ ကိစ္စအတွက် နုတ်ထွက်ရတဲ့အခါမှာ တော်တော်ကြီးကို စဉ်းစားပြီးတော့ ဆုံးဖြတ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီပြင် ဟိုဟာ ဒီဟာ မရှိပါဘူး။ မထွက်ရင်မဖြစ်တဲ့ ကိစ္စမျိုးလည်း မရှိပါဘူး။ ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တတ်နိုင်သမျှ ချင်းပြည်နယ် အစိုးရအဖွဲ့ကိုလည်းကောင်း၊ ချင်းပြည်နယ် အကျိုးစီးပွားအတွက်လည်းကောင်း တတ်နိုင်သမျှ ပံ့ပိုးကူညီသွားဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်တို့၊ အစိုးရဝန်ကြီးအဖွဲ့တို့ကလည်း ဝိုင်းကူဖို့ ပြောပါတယ်။ တတ်နိုင်သမျှ ဝိုင်းကူသွားပါ့မယ်” ဟု ပြောကြားသည်။

ဆလိုင်းအိုက်ဇက်ခင်သည် ယခင်ကတည်းက Civil Society လုပ်ငန်းများ ဆောင်ရွက်သူဖြစ်သဖြင့် Civil Society သို့ ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထိုသို့ ဆလိုင်းအိုက်ဇက်ခင်အနေဖြင့် ရာထူး တာဝန်မှနုတ်ထွက်ခြင်းသည် လာဘ်ပေးလာဘ်ယူ ကိစ္စများရှိသည်ဟု ထင်မြင်ချက် ပေးမှုများလည်း ရှိနေသည်။

ယင်းနှင့်ပတ်သက်၍ ဆလိုင်းအိုက်ဇက်ခင်က “အဲဒါတော့ ကောလာဟလတွေ၊ ဆိုရှယ်မီဒီယာပေါ်မှာ ရေးတာပြုတာရှိပါတယ်။ ကျွန်တော်လည်း သိပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အချို့သော အပိုင်းမှာ စောင့်စည်းရတဲ့ အနေအထားရှိတဲ့ အတွက်ကြောင့်မို့လို့ ရော့အင့်ဆိုပြီး အကုန်လုံး ဖွင့်ချလို့ မရတဲ့ ကိစ္စတွေ ရှိနေသေးတာပဲ ဖြစ်ပါတယ်။ တကယ့်တကယ်တော့ ဒီလာဘ်ပေး လာဘ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ အငြိအစွန်းမရှိပါဘူး။ ကျွန်တော် ဘယ်လိုနေတယ်ထိုင်တယ်၊ သွားတယ် လာတယ် ဆိုတာ သိပြီးသား ဖြစ်ပါတယ်။ ကျွန်တော့်ကို ဆိုရှယ်မီဒီယာမှာ စွပ်စွဲတဲ့ကိစ္စတွေ ရေးတဲ့ ကိစ္စတွေ ကြားရပါတယ်။ ဒါကတော့ တော်တော်များများလည်း ကြုံရတဲ့ကိစ္စတွေပါ။ သို့သော် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အမှန်တကယ် အဖြစ်မှန် သိချင်တယ်ဆိုရင် အချိန် မရွေးမေးလို့ရပါတယ်။ သို့သော်လည်းပဲ မီဒီယာတွေပေါ်မှာတော့ ကျွန်တော့်အနေနဲ့ ဖြေဖို့ မရှိပါဘူး။ အချို့သော ဂုဏ်သိက္ခာတွေ ထိန်းသိမ်းပေးရတဲ့ အနေအထားမျိုး ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းစရာတော့ မရှိပါဘူး” ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ဆလိုင်းအိုက်ဇက်ခင်သည် ချင်းပြည်နယ်အတွက် အားကိုးအားထားရသောပုဂ္ဂိုလ် ဖြစ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ နုတ်ထွက်မှုအပေါ် များစွာဝမ်းနည်းရကြောင်း Chin Youth Organization(KanPetLet Township) လူငယ်အဖွဲ့က သဘောထားထုတ်ပြန်သည်။

NLD ပါတီ ဦးဆောင်သောအစိုးရလက်ထက်တွင် ဦးထင်ကျော် သမ္မတတာဝန်ထမ်းဆောင်စဉ်က တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အချို့တွင် ဝန်ကြီးချုပ်နှစ်ဦး သဘောဆန္ဒအလျောက်နုတ်ထွက်ခြင်း၊ ဝန်ကြီးအချို့နုတ်ထွက်ခြင်းနှင့် တာဝန်ရပ်စဲခံရခြင်းများ ရှိခဲ့ပြီး လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တာဝန်စတင်ထမ်းဆောင်သည့် ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်နောက်ပိုင်းတွင် ပထမဆုံးအဖြစ် ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ရာထူးတာဝန်မှ နုတ်ထွက်ခြင်းလည်းဖြစ်သည်။

 

 

Most Read

Most Recent