တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်များ သွားရောက်တွေ့ဆုံ

တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်များ သွားရောက်တွေ့ဆုံ
Published 7 February 2018

တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် တာဝန်ရှိသူများ ဖေဖော်ဝါရီ ၆ ရက်က သွားရောက်တွေ့ဆုံစဉ်

တောင်ပြိုနယ်စပ် နယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်နေသူများအား တရုတ်အပါအဝင် နိုင်ငံတကာသံတမန်များ ဖေဖော်ဝါရီ  ၆ ရက် မွန်းလွဲပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ သံတမန်အဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီတွင် ရဟတ်ယာဉ်ဖြင့် တောင်ပြိုနယ်စပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် တောင်ပြိုလက်ယာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအပြင်ဘက်တွင် တရားမဝင် နေထိုင်နေကြသည့် ဘင်္ဂါလီများအား သွားရောက် တွေ့ဆုံပြီး နေရပ်ပြန်လာရေး အခြေအနေများကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံ မေးမြန်းရာတွင် ဘင်္ဂါလီများက ယခင်နေထိုင်ခဲ့သည့် ကျေးရွာတွင်သာ နေလိုကြောင်းနှင့် လှဖိုးခေါင်ကျေးရွာ ကြားစခန်းတွင် မနေလိုကြောင်း ပြောဆိုခဲ့ကြကြောင်း ၎င်းတို့အဆိုအရ သိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၄ နှင့် ၃၅ ကြား နယ်စပ်ခြံစည်းရိုးနှင့် သုညမျဉ်းကြားတွင် တရားမဝင် ဘင်္ဂါလီအိမ်ခြေ ၁၀၀၀ ကျော်ရှိနေကြောင်း သိရသည်။

အဆိုပါ သံတမန်အဖွဲ့တွင် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံမှ သံအမတ်များနှင့် သံရုံးတာဝန်ခံ ပါဝင်ကြောင်း သိရသည်။

အဆိုပါ သံတမန်အဖွဲ့သည် တောင်ပြိုလက်ဝဲမြို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားသို့ သွားရောက်ကြည့်ရှု ခဲ့ကြသည်။

တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် တာဝန်ရှိသူများ ဖေဖော်ဝါရီ ၆ ရက်က သွားရောက်တွေ့ဆုံစဉ်

အဆိုပါ သံတမန်အဖွဲ့သည် မောင်တောနယ်စပ်ရှိ တောင်ပြို၊ ငါးခူရ၊ လှဖိုးခေါင် စသည့်  ပြန်လည် လက်ခံရေး စခန်းများတွင် အဆင်သင့် ပြင်ဆင်ထားမှုများ လေ့လာခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကညင်ချောင်း စီးပွားရေးဇုန်သို့လည်း သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာနိုင်ငံမှ ဇန်နဝါရီ ၂၃ ရက်မှ စတင်နေပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မျှ ပြန်လာခြင်း မရှိသေးကြောင်း သိရသည်။

တောင်ပြိုနှင့် ငါးခူရ ပြန်လည်လက်ခံရေး စခန်း၌ လဝက၊ လူ/ကယ်/ပြန်၊ မီးသတ်ဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ သူနာပြုတို့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝင်ရောက် လာမည့်သူများအား လက်ခံရေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ဟိန္ဒူဘာသာဝင်များနှင့် ဘင်္ဂါလီများ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းကလည်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်မင်းတို့ ပါဝင်သည့်အဖွဲ့သည် နယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် ယာယီတဲအိမ်များ ဆောက်လုပ် နေထိုင်နေကြသည့် ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသလို ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ်များ၊ အိမ်ထောင်စုစာရင် းကိစ္စများ စိစစ်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တောင်ပြိုနယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်သူများအား တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်များနှင့် တာဝန်ရှိသူများ ဖေဖော်ဝါရီ ၆ ရက်က သွားရောက်တွေ့ဆုံစဉ်

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် ဧည့်ဂေဟာရှိ Kempinski Hotel ၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည် ခေါ်ယူရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပထမအကြိမ် ညှိနှိုင်းဆွေးနွေး သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ လဝကညွှန်ချုပ် ဦးဌေးလှိုင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၁) ရဲမှူးချုပ် မျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နိုင်ငံခြားရေး အတွင်းဝန် H.E.Mr. Shahidul Haque နှင့် ကိုယ်စားလှယ်များ၊ စုစုပေါင်း ၃၂ ဦးခန့် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များမှ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ဇန်နဝါရီ ၂၃ ရက်ကတည်းက လက်ခံရန် ပြင်ဆင်ထားသော်လည်း လက်ရှိအချိန်အထိ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ပြန်လည် ဝင်ရောက်လာသူများကို တောင်ပြိုနယ်စပ်နှင့် ငါးခူရနယ်စပ်တို့မှ လက်ခံမည်ဖြစ်ပြီး အိုးထိန်းကျေးရွာနှင့် လှဖိုးခေါင် ကြားစခန်းတွင် ယာယီနေရာချထားရန် စီစဉ်ထားကြောင်း သိရသည်။

 

Most Recent