အစိုးရ တာဝန်ယူလာသည့် ၁၈ လ ကာလအတွင်း အောင်မြင်တိုးတက်မှုကို ပြည်သူများက သုံးသပ်ရမှာဖြစ်ပြီး အချို့အခန်းကဏ္ဍများတွင် အားရစရာရှိသော်လည်း အချို့မှာ အားရစရာ မရှိကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရ တာဝန်ယူလာသည့် ၁၈ လ ကာလအတွင်း အောင်မြင်တိုးတက်မှုကို ပြည်သူများက သုံးသပ်ရမှာဖြစ်ပြီး အချို့အခန်းကဏ္ဍများတွင် အားရစရာရှိသော်လည်း အချို့မှာ အားရစရာ မရှိကြောင်းနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 21 September 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်တဲ့အာရှအသံ (Radio Free Asia) တို့ စက်တင်ဘာ ၁၉ ရက်က သီးသန့်တွေ့ဆုံမေးမြန်းမှုအား တွေ့ရစဉ်

အစိုးရတာဝန်ယူလာသည့် ၁၈ လ ကာလအတွင်း အောင်မြင်တိုးတက်မှုကို ပြည်သူများက သုံးသပ်ရမှာဖြစ်ပြီး အချို့အခန်းကဏ္ဍများတွင် အားရစရာရှိသော်လည်း အချို့မှာ အားရစရာ မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်တဲ့အာရှအသံ  (Radio Free Asia)  နှင့် စက်တင်ဘာ ၁၉ ရက်က သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။

အခု အစိုးရ အာဏာရလာပြီး တစ်နှစ်ခွဲကာလအတွင်း အောင်မြင်တိုးတက်မှုကို ဘယ်လိုသုံးသပ်ပါသလဲဟု မေးမြန်းမှုအပေါ် အာဏာရလာပြီဟူသော အသုံးအနှုန်းကို မကြိုက်ကြောင်း၊ အစိုးရ တာဝန်ယူသည့် အချိန်မှာ ၁၈ လ ရှိပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးစွာပြောကြားသည်။

အစိုးရတာဝန်ယူလာသည့် တစ်နှစ်ခွဲကာလအတွင်း အောင်မြင်တိုးတက်မှုကို ဘယ်လိုသုံးသပ်ပါသလဲဟု ပြန်လည်မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “အောင်မြင်တိုးတက်မှုကို ဘယ်လို သုံးသပ်ရမှာလဲ။ တကယ်တော့ ပြည်သူတွေက သုံးသပ်ရမှာပေါ့နော်။ ကျွန်မတို့ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ တချို့အခန်းကဏ္ဍတွေမှာ ပိုပြီးတော့ အားရစရာရှိတယ်။ တချို့အခန်းကဏ္ဍတွေမှာ ဒီလောက် အားရစရာမရှိဘူး။ မတူဘူးပေါ့။ တစ်ခုနဲ့တစ်ခု တိုးတက်မှုကတော့။ တစ်နေရာနဲ့တစ်နေရာ မတူဘူးပေါ့။ ဥပမာအားဖြင့်ဆိုရင် မနက်တုန်းက ပြောသလိုပဲပေါ့။ ကျန်းမာရေးကဏ္ဍမှာတော့ တော်တော်တိုးတက်မှု ရှိတယ်။ တော်တော်ကို မြန်မြန်ဆန်ဆန် တိုးတက်မှုရှိတယ်။ တချို့တခြားကဏ္ဍတွေမှာလည်း တိုးတက်မှုမြန်တာနဲ့ နှေးတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အကြီးဆုံး စိန် ခေါ်မှုကတော့ ကိုခင်မောင်စိုးတို့ သိတဲ့ အတိုင်းပဲ ရခိုင်ကိစ္စ”ဟု ပြောကြားသည်။

ထို့အတူ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က “စီးပွားရေးက အခု ဒီနှစ်စောစောပိုင်းကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေ မထွက်မချင်းကို တော်တော်သိပ်ကို မလှုပ်ကြဘူး။ အခု ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပြီးတော့ တစ်ခါ နည်းဥပဒေ ထွက်ရတယ်။ နောက်တစ်ခါ ကုမ္ပဏီနည်းဥပဒေ ထွက်ရတယ်။ နောက်တစ်ခါ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဆက်နွှယ်နေတဲ့ အထူးသဖြင့် နိုင်ငံခြားသားတွေအတွက် နိုင်ငံခြားသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကိုလည်း အဲဒါတွေက အားလုံး ဆက်စပ်နေတယ်။ ဆက်စပ်နေတော့ ကျွန်မတို့ အခုမြင်တာက တော့ အခုဒီဟာတွေအားလုံးထွက်ပြီးမှ ပိုပြီးတော့ လှုပ်ရှားလာမယ်လို့ ဒါ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ပေါ့နော်” ဟု ဖြေကြားသည်။

ထို့ပြင် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးတို့နှင့်ပတ်သက်၍လည်း ပြောင်းသင့်ရင် ပြောင်းရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့မှာ တော်ကြောင်း၊ တိုးတက်ကြောင်း၊ အချို့မှာ ထင်သလောက် မတိုးတက်ကြောင်း လူထုက ပြောကြားမှုများနှင့် ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်က “ဒါကတော့ သဘာဝပဲ။ လူတိုင်းက တစ်ပြေးညီတော့ မဖြစ်နိုင်ဘူး။ တချို့က ပိုပြီးတော့ တော်တယ်။ တချို့က ဒီလောက်ကြီး မတော်ဘူး။ တချို့ကျတော့ မတော်တာ မဟုတ်ပေမယ့် သူတို့ရဲ့အလုပ်ကို သူတို့ရဲ့တာဝန်တွေကို နိုင်ဖို့အတွက် အချိန်ယူရတဲ့လူတွေ ရှိတယ်။ တချို့က ပိုမြန်တယ်။ တချို့က တော်တော်နှေးတယ်။ တချို့ကျတော့ အလုပ်ကို မနိုင်တာတွေလည်း ရှိကောင်းရှိနိုင်တာပေါ့။ အဲဒါဆိုရင်တော့ ဒါ ကျွန်မတို့အနေ နဲ့ ပြောင်းသင့်ရင်တော့ ပြောင်းရမှာပဲ။ ဒါ ကျွန်မတို့ အစကတည်းက ပြောထားတာပဲ။ ဝန်ကြီးတွေခန့်တာ၊ အစိုးရအဖွဲ့ထဲမှာ တာဝန် ပေးတယ်ဆိုတာဟာ ထာဝရအတွက် မဟုတ်ဘူး။ တာဝန်ကို ဘယ်လောက်ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် ထမ်းဆောင်နိုင်လဲဆိုတဲ့ အပေါ်မှာ အခြေခံပြီးတော့ လုပ်သွားရမယ့် ကိစ္စပဲ” ဟု ဆိုသည်။

လက်ရှိတွင် အကြီးဆုံးစိန်ခေါ်မှုမှာ ရခိုင်ကိစ္စဖြစ်ပြီး ထို့ပြင် နိုင်ငံအတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်မှာလည်း အင်မတန် အရေးကြီးသည့် စိန်ခေါ်မှုဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို ခြုံငုံပြောပါက သိပ်မဆိုးပါဘူးဟု ပြောရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

ထို့ပြင် ယခုကိစ္စများတွင် နိုင်ငံတကာ အဖွဲ့အစည်းများက သတင်းထုတ်ပြန်ချက်မှာ သိပ်မြန်ကြောင်း၊ အစိုးရက သတင်းထုတ်ပြန်ချက်များမှာ နှေးကွေးအားနည်းသည်ဟု ဝေဖန်မှုများအပေါ်  ဒေါ်အောင်ဆန်းစုကြည်က “အဲဒါတွေက အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ နိုင်ငံတကာ မီဒီယာ သတင်းထုတ်ပြန်တယ်၊ ဘာတယ်ဆိုတာက ကိုခင်မောင်စိုးတို့ မီဒီယာသမားတစ်ယောက် သိတာပဲ။ ကျယ်ကျယ်ပြန့်ပြန့် ကွန်ရက်လိုအပ်တယ်။ ပြောရမယ်ဆိုရင် နောက်ဆုံးကျတော့ ငွေရေးကြေးရေး ခိုင်မာတောင့်တင်းဖို့လိုတယ်။ အစ်မတို့ နိုင်ငံက ဒီလောက် ငွေရေးကြေးရေးတောင့် တင်းတာလည်း မဟုတ်ဘူး။ အစ်မတို့ရဲ့ ပြန်ကြားရေး အဆောက်အအုံကြီးတစ်ခုကလည်း ဒီလောက်တောင်မှ ခိုင်ခိုင်မာမာ ငွေရေးကြေးရေးနဲ့ ပံ့ပိုးထားတဲ့ဟာ မဟုတ်ဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားတာပေါ့။ Response တော့ ထုတ်တယ်။ ထုတ်ပေမဲ့ မထွက်မှမထွက်ပဲ။ မနှေးဘူး။ ချက်ချင်းထုတ်ပေမဲ့ နိုင်ငံတကာကို အပြင်ကိုရောက်ဖို့ဆိုတာကျတော့ ကိုယ့်မှာ ကွန်ရက်ရှိမှရောက်တာ။ ဒီပြည်တွင်းမှာ ထုတ်လို့ရတော့ ချက်ချင်း။ ပြည်တွင်းကတော့ မြန်ပါတယ်။ ကိုခင်မောင်စိုးတို့ ပြည်တွင်းကို ကြည့်နေရင်တော့ သတင်းမြန်မြန်ရမှာပဲ။ ဒါပေမဲ့ ပြည်ပအထိ ရောက်လာတဲ့အထိ စောင့်လို့ရှိရင်တော့ နည်းနည်းကြာမှာပေါ့” ဟု ပြောကြားသည်။

အစိုးရသတင်းဌာနသည် တာဝန်ရှိရမည်ဖြစ်ကြောင်း၊ တာဝန်လည်းယူရမည်ဖြစ်ကြောင်း၊ သတင်းကို ထုတ်ချင်တိုင်းထုတ်၍ မရကြောင်း၊ မှန်၊ မမှန် မစုံစမ်း၊ အတည်မပြုဘဲ ပြော၍မရကြောင်း၊ လွတ်လပ်သည့်သတင်း မီဒီယာအဖွဲ့အနေဖြင့် ကိုယ်ရရှိသည့်သတင်းအရ ထုတ်လို့ရကြောင်း၊ အစိုးရတစ်ခုအနေဖြင့် ဟုတ်သည် မဟုတ်သည်ကို အတည်မပြုဘဲ တုံ့ပြန်ပါက တာဝန်မဲ့ရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

လက်ရှိ Facebook၊ လူမှုမီဒီယာကဏ္ဍများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏အမြင်ကို မေးမြန်းရာတွင် “အဲဒါတော့ စိတ်ဝင်စားစရာ ကောင်းတာကတော့ အင်မတန်မှ နည်းပညာပေါ့နော်။ Communication နည်းပညာပတ်သက်ပြီး တိုးတက်ပြီးချမ်းသာတဲ့ နိုင်ငံတွေကတောင်မှ Social မီဒီယာကို ပြဿနာ တော်တော်ကြီးတယ်ဆိုတာကို သူတို့လည်း ဝန်ခံပါတယ်။ Social မီဒီယာမှာ ထည့်ချင်တာထည့်တယ်။ ရေးချင်တာရေးတယ်။ တစ်ခါတလေလည်း အမုန်းတရားတွေကို အများကြီးပြန့်ပွားစေတဲ့ နည်းနဲ့ သုံးတာတွေ ရှိတယ်။ ဒါဟာ စိုးရိမ်စရာဖြစ်တယ် ဆိုတာတော့ အများကြီးပြောကြပါတယ်။ စိုးရိမ်စရာဖြစ်ပြီးတော့ ဘယ်လိုထိန်းမလဲဆိုတာတော့ အခုထက်ထိ သူတို့လည်း အဖြေမရသေးပါဘူး” ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိအစိုးရ တာဝန်ယူစဉ်ကာလတွင် သတင်းထောက်အချို့ ဖမ်းဆီးခံရမှုများ ရှိပြီး သတင်းမီဒီယာများ၏ လွတ်လပ်ခွင့်နည်းလာသည်ဟု ပြောဆိုမှုများအပေါ်  “အဲဒီ ဖမ်းဆီးခံရတာတို့၊ ဘာတို့ကတော့ အရင်ဥပဒေတွေအတိုင်းပဲ။ ဥပဒေက အသစ်မှ မထွက်လာတာ။ ဒီဟာတွေနဲ့ပတ်သက်လို့ အရင်ဥပဒေအတိုင်းပဲ။ အခုနောက်ပိုင်းမှာဆို လို့ရှိရင်တောင်မှ ဆိုပါတော့ ၆၆ (ဃ) လား။ ၆၆ (ဃ) နဲ့ဆိုလို့ရှိရင် ပိုပြီးတော့ ဖြေလျှော့သွားအောင်လို့ လွှတ်တော်ကနေပြီးတော့ ပြင်ဆင်လိုက်ပြီးပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

Most Read

Most Recent