ဘူဆန်ရုပ်ရှင်ပွဲတော်၏ New Current ဆုကို တောင်ကိုရီးယားနှင့် အီရန်ဇာတ်ကားတို့က ပူးတွဲဆွတ်ခူး

ဘူဆန်ရုပ်ရှင်ပွဲတော်၏ New Current ဆုကို တောင်ကိုရီးယားနှင့် အီရန်ဇာတ်ကားတို့က ပူးတွဲဆွတ်ခူး
Published 22 October 2017

After My Death ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခုအား တွေ့ရစဉ်

အာရှ၏ ထိပ်တန်းရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည့် ဘူဆန်ရုပ်ရှင်ပွဲတော်၏ New Current ဆုကို ကိုရီးယားဒရာမာဇာတ်ကား After My Death နှင့် အီရန်ဇာတ်ကား Blockage တို့က ပူးတွဲဆွတ်ခူးခဲ့သည်။

ကိုရီးယားဒါရိုက်တာ Kim Ui - seok ၏ After My Death ဇာတ်ကားသည် ထင်ရာစိုင်းသည့် ဆယ်ကျော်သက်များအကြောင်းကို ရိုက်ကူးတင်ပြထားသည့် ဒရာမာဇာတ်ကားဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ ရှုထောင့်ကို ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ကိုရီးယားလူ့အဖွဲ့အစည်းကိုထင်ဟပ်စေသည့် ဇာတ်ကားဟု BIFF တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တီဟီရန်တွင် ခက်ခဲကြမ်းတမ်းလှသည့် နေ့စဉ်နေထိုင်မှုဘဝအကြောင်း ရိုက်ကူးထားသည့် အီရန်ဒါရိုက်တာ Mohsen Gharaei ၏ Blockage ဇာတ်ကားသည် ပဋိပက္ခကြောင့် နိုင်ငံ၏ စီးပွားရေး ယိုယွင်းမှုအခြေအနေအတွင်း အလုပ်သမားများ အထိနာခဲ့ ရသည့်အကြောင်း ပုံဖော်ရိုက်ကူးထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။

ယင်းဇာတ်ကား နှစ်ကားစလုံးသည် အသေးစိတ် ရှင်းရှင်းလင်းလင်းဖော်ပြပြီး အနုစိတ်ခြယ်မှုန်းထားသည့် ဇာတ်ကားများဖြစ်သည်ဟု အော်စကာဆုရ အမေရိကန်ဒါရိုက်တာ အိုလီဗာစတုန်း ဦးဆောင်သည့် အကဲဖြတ် ဒိုင်အဖွဲ့က ချီးကျူးခဲ့သည်။

ယခုနှစ် New Current ဆုရွေးချယ်ရေးအဖွဲ့၏ ဂျူရီအဖွဲ့တွင် အိုလီဗာစတုန်း နှင့်အတူ အီရန်ဒါရိုက်တာ Bahman Ghobadi ၊ ကိုရီးယားဒါရိုက်တာ Jang Sun woo ၊ ပြင်သစ် ရုပ်ရှင်အတတ်ပညာရှင် Agnes Godard တို့ ပါဝင်ခဲ့သည်။

(၂၂) ကြိမ်မြောက် ဘူဆန်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် BIFF ကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ပြီး အောက်တိုဘာ ၂၁ ရက်တွင် ပိတ်သိမ်းခဲ့သည်။ ၁၀ ရက်ကြာ ပြုလုပ်ခဲ့သည့် ယင်းရုပ်ရှင်ပွဲတော်အတွင်း နိုင်ငံပေါင်း ၆၉ နိုင်ငံမှဇာတ်ကား ၂၉၉ ကား ကို ပါဝင်ပြသခဲ့သည်။

ယခုနှစ် ရုပ်ရုပ်ပွဲတော်သို့ တက်ရောက်သည့် ပရိသတ်အရေအတွက် စုစုပေါင်း ၁၉၂,၉၉၁ ဦးရှိပြီး ယခင်နှစ်အရေအတွက် ၁၆၅,၁၄၉ ဦးထက် ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု BIFF ကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent