မာ့ခ်ဖီးဟီလီသည် ကျန်းမာရေးအခြေအနေကြောင့် Westlife အဖွဲ့မှ နုတ်ထွက်

မာ့ခ်ဖီးဟီလီသည် ကျန်းမာရေးအခြေအနေကြောင့် Westlife အဖွဲ့မှ နုတ်ထွက်
Published 4 March 2024

မာ့ခ်ဖီးဟီလီသည် ကျန်းမာရေးအခြေအနေကြောင့် Westlife အဖွဲ့မှနုတ်ထွက်ခဲ့သည်ဟု သိရသည်။

အသက် ၄၃ နှစ်အရွယ် မာ့ခ်သည် အဆုတ်ရောင်ရောဂါ ဖြစ်ပွားခဲ့ပြီး ယင်းနောက် ခွဲစိတ်ကုသမှုလုပ် ဆောင်ခဲ့ရသဖြင့် ၂၀၂၂ ခုနှစ်တွင် အဖွဲ့၏ Wild Dreams ကမ္ဘာလှည့် ဖျော်ဖြေမှုအစီအစဉ်တွင် ဖျော်ဖြေပွဲ အများအပြား၌ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

Westlife အဖွဲ့သည် ၎င်းတို့၏ အမေရိကန် ဖျော်ဖြေပွဲခရီးစဉ်များကို မစတင်မီ ရက်ပိုင်းအလိုတွင်မာ့ခ် က သူသည် ကျန်းမာရေးအခြေအနေ များကို ဆက်လက်ရင်ဆိုင်နေရ သောကြောင့် အဖွဲ့မှ နုတ်ထွက်လိုက် ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဖွဲ့၏ Instagram အကောင့်တွင် ဖော်ပြထားသော ပိုစ့်တစ်ခု၌ “ဟယ်လို ကျွန်တော်မာ့ခ်ပါ။ကျွန်တော် ကျန်းမာရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာ အများစုကတော့ သတိပြုမိကြမှာပါ။ကျန်း မာရေးပြဿနာတွေက ကျွန်တော်ခွဲစိတ်ကုသခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လကနေ စတင်ခဲ့တာသုံးနှစ်ခွဲ လောက်ရှိနေပါပြီ။ ဒီခွဲစိတ်မှုလုပ်ဆောင်တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ဆိုးဆိုးရွားရွားနာကျင်မှုကို ခံစားခဲ့ရပါတယ်” ဟုဆိုသည်။

“ကျွန်တော် ခွဲစိတ်ကုသမှုနဲ့အတူ နောက်ဆက်တွဲခံစားရတဲ့ ဝေဒနာတွေကြောင့် ICU မှာ နေခဲ့ရပြီးနောက် တဖြည်းဖြည်းနဲ့ အဲဒီဆိုးရွားတဲ့နေ့ရက်တွေ ကုန်ဆုံးခဲ့ပါတယ်” ဟု ဆိုသည်။

“ကျွန်တော် ကိုဗစ်လော့ဒေါင်း ကာလတုန်းက ဆေးရုံမှာ လအနည်းငယ်နေလိုက်ရပြီး ကိုဗစ်ကန့်သတ် ချက်တွေကြောင့် ကျွန်တော့်ရဲ့ဇနီးလောင်းနဲ့ ၁၀ လအရွယ်သမီးလေး အပါအဝင် ဧည့်တွေ့ခွင့်တောင်မရ ပါဘူး။အဲဒီအချိန်က ကျွန်တော့်ရဲ့ စိတ်ရော လူပါအရမ်းခက်ခဲတဲ့ အချိန်ဖြစ်ခဲ့ပါတယ်”ဟုမာ့ခ်က ပြောပြ ခဲ့သည်။

မာ့ခ်သည် ယင်းနှစ် ဒီဇင်ဘာလတွင် ဆေးရုံက ဆင်းခဲ့ရသော်လည်း ပြန်လည်သက်သာရန် ရုန်းကန်ခဲ့ရသည်။

“၂၀၂၁ ခုနှစ် နှစ်ကုန်မှာတော့ ကျွန်တော် ဖျော်ဖြေပွဲမတိုင်မီ နယူးကက်စတယ်မှာ အရမ်းနေမကောင်း ဖြစ်ခဲ့ပါတယ်။အဲဒီအချိန်တုန်းက အဆုတ်ရောင်ရောဂါဖြစ်ခဲ့ကာ ပြန်လည်သက်သာစေဖို့ အိမ်ကိုတန်း ပြန်ခဲ့ရတဲ့အတွက် ဒီဇင်ဘာလမှာ ဖျော်ဖြေပွဲတွေကို လွဲချော်ခဲ့ရပါတယ်“ဟုမာ့ခ်က ဆက်လက်ပြောပြခဲ့သည်။

“ကျွန်တော့်ရဲ့ကျန်းမာရေးအတွက်၊ ကျွန်တော့်မိသားစုနဲ့ ကျွန်တော်ကိုယ်တိုင်အတွက် အခုမှန် ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။ မစိုးရိမ်ပါနဲ့”ဟုမာ့က ဆိုခဲ့သည်။

Westlife အဖွဲ့ကလည်း“ကျွန်တော်တို့ရဲ့ ညီအကို၊သူငယ်ချင်းကောင်း၊အဖွဲ့ဝင်ကောင်းတစ်ဦး ဖြစ်တဲ့ မာ့ခ်အနေနဲ့ ကျန်းမာရေးအတွက် အချိန်ယူတဲ့အချိန် အမြန်ဆုံးသက်သာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent