၂၀၂၄ အော်စကာဆုပေးပွဲတွင် Oppenheimer  က အကောင်းဆုံးဇာတ်ကားဆုရပြီး ဇာတ်ဆောင်မင်းသားဆုကို ခီလီယံမာဖီ ၊ ဇာတ်ဆောင်မင်းသမီးဆုကို အမ်မာစတုန်းတို့ ဆွတ်ခူး

၂၀၂၄ အော်စကာဆုပေးပွဲတွင် Oppenheimer  က အကောင်းဆုံးဇာတ်ကားဆုရပြီး ဇာတ်ဆောင်မင်းသားဆုကို ခီလီယံမာဖီ ၊ ဇာတ်ဆောင်မင်းသမီးဆုကို အမ်မာစတုန်းတို့ ဆွတ်ခူး
Photo: Deadline
Photo: Deadline
Published 12 March 2024

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိစ်မြို့တွင် မတ် ၁၀ ရက်က ၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး အမ်မာစတုန်းက Poor Things ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ဆောင် မင်းသမီးဆုကို ဆွတ်ခူးကာ ခီလီယံမာဖီက Oppenheimer ဇာတ်ကားဖြင့် ဇာတ်ဆောင်မင်းသားဆုကို ရသွားသည်။

အကောင်းဆုံးဇာတ်ကားဆုကိုမူ ရှေ့ဆုပေးပွဲများစွာတွင် ဇာတ်ကားဆုသိမ်းပိုက်ထားသည့် ဒါရိုက်တာခရစ္စတိုဖာနိုလန်၏လက်ရာ Oppenheimer ကပင်ရပြီး နိုလန်က ယင်းဇာတ်ကားဖြင့်ပင်  အကောင်းဆုံးဒါရိုက်တာဆုရခဲ့သည်။

ထပ်မံပြီး Oppenheimer မှ ရောဘတ်ဒေါင်းနီဂျူနီယာက အကောင်းဆုံးဇာတ်ပို့မင်းသားဆုရပြီး ဇာတ်ပို့မင်းသမီးဆုကို The Holdovers ဇာတ်ကားမှ ဒဗိုင်ဂျွိုင်ရန်းဒို့ဖ်က  ရယူသွားသည်။ Barbie ဇာတ်ကားတွင် ဘီလီအိုင်းလစ်ရှ်သီဆိုထားသည့် What Was I Made For? သီချင်းက အကောင်းဆုံးမူရင်း တေးသီချင်းဆု ၊ ဂျပန်ဇာတ်ကား Godzilla Minus One က အကောင်းဆုံး Visual effects ဆုတို့အတွက် ရွေးချယ်ခံရသည်။

ခင်ပွန်းသည်ကိုသတ်သူဟု စွပ်စွဲခံရသူစာရေးဆရာမတစ်ဦးအကြောင်း ရိုက်ကူးထားသည့် Anatomy of a fall   ပြင်သစ်ဇာတ်ကားက မူရင်းဇာတ်ညွှန်းဆုရပြီး အကောင်းဆုံးနိုင်ငံခြားဇာတ်ကားဆုကို The Zone of Interest ကရသွားသည်။ဆက်လက်ပြီး အန်နီမေးရှင်းဇာတ်ကားဆုကို The Boy and The Heron  ၊ Documentary ဖြစ်ရပ်မှန် ဇာတ်ကားဆုကို 20 Day In Mariupol တို့ ရခဲ့သည်။မိတ်ကပ်နှင့်ဆံပင်အပြင်အဆင်ဆု ၊  ဝတ်စုံဒီဇိုင်းဆုတို့ကို Poor Things ကထပ်ရပြီး Oppenheimer က ရုပ်ရှင်တည်းဖြတ်ဆုလည်း ဆွတ်ခူးခဲ့သည်။

ပြီးခဲ့သည့်BAFTA ခေါ် ဗြိတိန်အော်စကာဆုပေးပွဲရလာဒ်နှင့် ယခုအမေရိကန် အော်စကာပွဲရလာဒ်က အတော်လေးတူနေခဲ့သည်။ထို့ကြောင့်လည်း BAFTA က အမေရိကန်ပွဲကို ခန့်မှန်းပေးသည့်ပွဲဟု သတ်မှတ် ကြသည်။

အခမ်းအနားသို့ အဆိုတော်ဘီလီအိုင်းလစ်ရှ်အပါအဝင် အနုပညာရှင်အနည်းစုက  ဂါဇာကမ်းမြှောင်ဒေသတွင် အပစ်အခတ်ရပ်ရန် တောင်းဆိုသည့်သဘောဖြင့် အနီရောင်ရင်ထိုးများ ဝတ်ဆင်လာကြသည်။

Most Read

Most Recent