ည ရုပ်ရှင်ဇာတ်ကားဖြင့် ပရိသတ် အားပေးချစ်ခင်မှု ရရှိလာသူ လူငယ်မျက်နှာသစ် သရုပ်ဆောင် နန်းထရေစီ၏ ငယ်ဘ၀ ဖြတ်သန်းရာ

ည ရုပ်ရှင်ဇာတ်ကားဖြင့် ပရိသတ် အားပေးချစ်ခင်မှု ရရှိလာသူ လူငယ်မျက်နှာသစ် သရုပ်ဆောင် နန်းထရေစီ၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 14 September 2017

နာမည်ကြီး အနုပညာရှင်တစ်ဦးမှ မပါဝင်ဘဲ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ဖန်တီးမှု၊ လူငယ်မျက်နှာသစ် အနုပညာရှင်များရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ရိုက်ကူးဖန်တီးထားတဲ့ ‘ည’ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသခဲ့ရာမှာ မျှော်လင့်ထားကြတာထက် ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါတယ်။ မြင်တွေ့နေကျမဟုတ်တဲ့ ဇာတ်လမ်းနဲ့ တင်ဆက်မှုပုံစံ၊ အပြောင်းအလဲ တစ်ခုအနေနဲ့ တွေ့မြင်ခံစားခွင့်ရခဲ့တဲ့ လူငယ်သရုပ်ဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ‘ည’ ဇာတ်ကားက လမ်းကြောင်းသစ် ဖောက်ထွက်ဖန်တီးလိုသူ လူငယ်တွေအတွက် စိတ်ဝင်စားစရာ လမ်းကြောင်းသစ်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အခုတစ်ပတ်မှာတော့ ည’ ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ် အားပေးချစ်ခင်မှု ရရှိလာခဲ့တဲ့ လူငယ်သရုပ်ဆောင် နန်းထရေစီရဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ရှမ်းတိုင်းရင်းသူဖြစ်တဲ့ နန်းထရေစီကို မတ် ၁ ရက် ၁၉၉၇ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဒေါ်နန်းနှင်းနှင်ဖြူနဲ့ ဦးစိုင်းမြထွန်းတို့က တောင်ကြီးမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းမောင်နှမ သုံးယောက်ရှိတဲ့အနက် အကြီးဆုံးဖြစ်ပြီး မြေးဦး၊ သမီးဦးဖြစ်တာကြောင့် မိသားစုဝင်တွေရဲ့ အလိုလိုက်မှု ခံခဲ့ရတယ်လို့လည်း ထရေစီက အမှတ်တရ ပြောပြခဲ့ပါတယ်။

“ငယ်ငယ်က အရမ်းအလိုလိုက်ခံရတော့ နည်းနည်းစွာတယ်။ အားလုံးက ဖူးဖူးမှုတ်ထားတာ ဆိုတော့လေ။ မောင်လေးနဲ့ ညီမလေး မွေးလာတော့မှ သိပ်အရေးလုပ်မခံရတော့တာ။ ငယ်ငယ်က အရမ်းလည်းဆော့တယ်။ ယောကျ်ားလေးလိုပဲ ဆော့နေတာများတယ်။ အဲဒါတွေက အမှတ်တရပါပဲ” လို့ နန်းထရေစီက ဆိုပါတယ်။

တောင်ကြီးမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ နန်းထရေစီက တောင်ကြီးမြို့နဲ့ ပတ်သက်တဲ့ အမှတ်တရအဖြစ် တောင်ကြီးမီးပုံးပျံပွဲကို နှစ်တိုင်းမပျက်မကွက် သွားဖြစ်တာကို သတိရပါတယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက နှစ်စဉ်မပျက်မကွက်သွားခဲ့ပြီး ၂၀၁၄ ခုနှစ်က စတင်လို့ မသွားဖြစ်ဘူးလို့လည်း အမှတ်တရ ပြောပြခဲ့ပါသေးတယ်။

ကျောင်းပညာရေးနဲ့ ပတ်သက်လို့တော့ ပထမတန်းအထိသာ အစိုးရကျောင်းမှာ တက်ခဲ့ပြီး ဒုတိယတန်းက စတင်လို့ အင်္ဂလိပ်ကျောင်းမှာ တက်ရောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စာသင်တဲ့နည်းစနစ်ကတော့ မတူကွဲပြားပြီး ကျောင်းမှာ စာညံ့တဲ့အထဲပါတယ်လို့လည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

နန်းထရေစီက အထက်တန်းအောင်မြင်ပြီးချိန်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေဆိုခဲ့ပြီး ဂျပန်နိုင်ငံမှာ ပညာဆက်လက် သင်ယူခဲ့ပါတယ်။ ဂျပန်ဘာသာရပ်ကို တစ်နှစ်ခွဲလောက် ဦးစွာလေ့လာခဲ့ပြီးချိန်မှာတော့ ရုပ်ရှင်ဘာသာရပ်ကို စိတ်ပါဝင်စားတဲ့အတွက် ဆက်လက်လေ့လာ သင်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်တက္ကသိုလ်မှာ တစ်နှစ်ကြာ ဆက်လက်သင်ယူဖို့ ကျန်သေးတယ်လို့လည်း ပြောပြခဲ့ပါတယ်။

နန်းထရေစီက ပထမဆုံး အနုပညာလှုပ်ရှားမှု အနေနဲ့ Face of Myanmar 2013 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတစ်ခု ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် အနေနဲ့ပါဝင်ခဲ့တဲ့ တေးသံရှင် Ar-T ရဲ့ ဖိတ်ခေါ်မှုနဲ့ အမ်တီဗွီတစ်ပုဒ်မှာ သရုပ်ဆောင်ခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ဟန်သီရဲ့ မွေးနေ့ကို သွားရောက်ဖြစ်ရာက တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး ‘ချာတိတ်အတွက်’ သီချင်းမှာ သရုပ်ဆောင်ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

“ထရေစီ ‘ည’ ဇာတ်ကားမှာတကယ်တမ်း သရုပ်ဆောင်တဲ့အခါ ခက်ခဲပါတယ်။ အဓိကတော့ စကားလုံး မပီတာတို့၊ စကားပြောရင် မြန်တာတို့က တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ခဲ့တယ်။ ရုံတင်တဲ့အခါ ပရိသတ်တွေက အခုလို အားပေးမယ်လို့တော့ မမျှော်လင့်ထားပါဘူး။ တကယ်တမ်း ရုံတင်တဲ့အခါမှာတော့ ပရိသတ်တွေက ပိုပြီးချစ်ခင်အားပေးလာတဲ့အတွက် အရမ်းကျေးဇူးတင်မိသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာပါတယ်” လို့ နန်းထရေစီက ‘ည’ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အမှတ်တရကို ပြောပြခဲ့ပါတယ်။

“ထရေစီ ရုပ်သံဇာတ်လမ်းတွဲတစ်ခု ရိုက်ဖို့ လက်ခံထားပါတယ်။ ဂျပန်နိုင်ငံက ဒါရိုက်တာက ရိုက်ကူးမှာဖြစ်ပြီး ဂျပန်မှာပဲ သွားရောက်ရိုက်ကူးရမှာပါ။ အောက်တိုဘာလကုန်ပိုင်းလောက် သွားရိုက်ရပါမယ်။ အဲဒီအတွက်လည်း ပြင်ဆင်နေပါပြီ။ ထရေစီကို လုံးဝမတူကွဲပြားတဲ့ ပုံစံအသစ်တစ်ခုနဲ့ ထပ်တွေ့ခွင့်ရမှာပါ။ ထရေစီလည်း စိတ်လှုပ်ရှားနေပါတယ်” လို့ နန်းထရေစီက ဆိုပါတယ်။

နန်းထရေစီက ‘ည’ ဇာတ်ကားအပေါ် ပရိသတ် အားပေးမှု ရရှိခဲ့တာကြောင့် အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ခွန်အားတွေရရှိခဲ့သလို ပညာသင်ယူမှု ပြီးဆုံးသွားတာနဲ့ အနုပညာလုပ်ငန်းတွေ ဆက်တိုက်လုပ်ကိုင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်လို့ လေ့လာသင်ယူဖို့ လိုအပ်တာတွေကိုလည်း လေ့လာသင်ယူသွားပါမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။ ပြုံးချိုတဲ့ချစ်စဖွယ် မျက်နှာပိုင်ရှင်ဖြစ်ပြီး ပါဝင်ခွင့်ရတဲ့ အနုပညာလုပ်ငန်းမှာ အစွမ်းကုန် အားထုတ်ကြိုးစားတတ်သူ လူငယ်အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတဲ့ လူငယ်သရုပ်ဆောင် နန်းထရေစီရဲ့ ငယ်စဉ်ဘ၀ အမှတ်တရပုံရိပ်တွေကို ခံစားမြင်ယောင်မိစေမှာပါ။ နောက်တစ်ပတ်တွေမှာလည်း ပရိသတ်ချစ်ခင်အားပေးတဲ့ ဘယ်အနုပညာရှင်ရဲ့ စိတ်ဝင်စားဖွယ် ငယ်စဉ်ဘဝရဲ့ပုံရိပ်တွေကို မေးမြန်းဖော်ပြဦးမလဲဆိုတာ စောင့်မျှော် ဖတ်ရှုကြပါဦးလို့ ဆိုပါရစေ။

Most Read

Most Recent