ဆစ်ဒနီတွင် ဓာတ်ပုံဆရာတစ်ဦးကို ဖခင်ဖြစ်သူက ထိုးခဲ့မှုနှင့်ပတ်သက်ပြီး ပါပါရာဇီများအား တေလာဆွစ် အပြစ်တင်

ဆစ်ဒနီတွင် ဓာတ်ပုံဆရာတစ်ဦးကို ဖခင်ဖြစ်သူက ထိုးခဲ့မှုနှင့်ပတ်သက်ပြီး ပါပါရာဇီများအား တေလာဆွစ် အပြစ်တင်
Photo-The Express Tribue
Photo-The Express Tribue
Published 28 February 2024

ဖေဖော်ဝါရီ ၂၇ ရက်က  ဆစ်ဒနီတွင် ဓာတ်ပုံဆရာတစ်ဦးကို တေလာဆွစ်၏ဖခင်  စကော့ဆွစ်က ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် ဆွစ်တို့ဘက်က ပါပါရာဇီများကို အပြစ်တင်စကားများဖြင့် တုံ့ပြန်ခဲ့သည်။

ရန်ပွဲက သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့တွင် ဆွစ်ဖျော်ဖြေပွဲပြီးသွားပြီးနောက် နာရီပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တေလာဆွစ်၏ ပြောခွင့်ရှိသူတစ်ဦးကမူ ဓာတ်ပုံဆရာက ဆွစ်နှင့်အခြွေအရံများကို ရန်မူခဲ့သည်ဟု ဆိုသည်။“လူနှစ်ဦးက အားနဲ့မာန်နဲ့ ဆွစ်ဘက်ကို တိုးလာတယ်။ လုံခြုံရေးဝန်ထမ်းကိုလည်း ဖမ်းဆုပ်လိုက်တယ်။ အမျိုးသမီးအဖွဲ့သားတစ်ဦးကိုလည်း ရေထဲတွန်းချမယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ပြောကြောင်း The Mirror ကဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့က ရန်ပွဲတစ်ခုကို  စုံစမ်းစစ်ဆေးနေသည်ဟု အတည်ပြုကြေညာသော်လည်း ရန်ပွဲတွင်ပါဝင်ခဲ့သူများ၏ အမည်များကို ထုတ်မပြောဘဲ ၊ အသက် ၇၁ နှစ် အရွယ်အမျိုးသားက အသက် ၅၁ နှစ်အရွယ် အမျိုးသားကို လက်ပါခဲ့သည့်အမှုဟုသာ ပြောသည်။သို့သော် ဆေးကုသရသည့်အထိ မလိုခဲ့ဟု ဆိုသည်။

Sky News ရုပ်သံဖော်ပြချက်တွင်မူ ၎င်းရန်ပွဲတွင် ဆွစ်၏ဖခင်စကော့ပါသည်ဟု ဆိုပြီး လက်ပါခံရသည့် ဓာတ်ပုံဆရာက  Matrix Medai Group  ၏ အလုပ်အမှုဆောင်ချုပ် ဘန်မက်ဒေါ်နယ်ဆိုသူဖြစ်သည် ဟု ဆိုသည်။ ဆွစ်တို့သားအဖ ရွက်လှေတစ်စီးပေါ်မှ ဆင်းလာချိန် မက်ဒေါ်နယ်က ဓာတ်ပုံများ ရိုက်နေခဲ့ပြီး ဆွစ်၏ နောက်လိုက် အပေါင်းအပါအများက ထီးများဖြင့် ကာပေးခဲ့ကြသည်။

မက်ဒေါ်နယ်က ၎င်း၏မျက်နှာကို စကော့ကထိုးခဲ့ပြီး အလုပ်လုပ်လာသည့် ၂၃ နှစ်တာ ကာလအတွင်း မျက်နှာကို အထိုးခံရရန် မပြောနှင့် ၊ ကိုယ်ထိလက်ရောက် ကျုးလွန်ခံရခြင်း တစ်ခါမှမရှိခဲ့ဟု ပြောသည်။

ကမ္ဘာလှည့်ဖျော်ဖြေနေသည့် ဆွစ်က ဆစ်ဒနီဖျော်ဖြေမှု ပြီးသွားပြီဖြစ်ပြီး စင်ကာပူသို့ ဆက်လက် ထွက်ခွာလာသည်။ စင်ကာပူ  အမျိုးသားအားကစားရုံတွင် ဆွစ်က ခြောက်ရက် ဖျော်ဖြေသွားမည်။

ဘဏ္ဍာရေးအကြံပေးအလုပ်ကို လုပ်ကိုင်ခဲ့ပြီးနောက် ယခုအခါစကော့ဆွစ်က သမီးဖြစ်သူ၏ ရှိုးပွဲများကို လိုက်လာလေ့ရှိပြီး ဆွစ်တက်ရောက်သည့် ပွဲများကိုလည်းအတူ တက်ရောက်လေ့ရှိသည်။ပြီးခဲ့သည့် Super Bowl  ပွဲသို့လည်း ၎င်းလိုက်လာခဲ့သည်။

Most Read

Most Recent