ကိုယ်ဝန်ဆောင်သည်ဇာတ်ရုပ်ကို သရုပ်ဆောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ဖူးသည်ဟု The Witches  သရုပ်ဆောင် အန်းဟတ်သဝေး ဖွင့်ဟ

ကိုယ်ဝန်ဆောင်သည်ဇာတ်ရုပ်ကို သရုပ်ဆောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့ဖူးသည်ဟု The Witches  သရုပ်ဆောင် အန်းဟတ်သဝေး ဖွင့်ဟ
Photo-Daily Mail
Photo-Daily Mail
Published 27 March 2024

The Witches  ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် အမေရိကန်ရုပ်ရှင်မင်းသမီး အန်းဟတ်သဝေးက  ကိုယ်ဝန်ဆောင်သည် ဇာတ်ရုပ်ကို ပါဝင်သရုပ်ဆောင်ရင်း ကိုယ်ဝန်ပျက်ကျခဲ့သည်ဟု မကြာသေးမီက Vanity Fair နှင့် အင်တာဗျူးတွင် ဖွင့်ဟလိုက်သည်။

သီတင်းပတ်ခြောက်ပတ်ကြာ  တစ်ကိုယ်တော်ပြဇာတ် Grounded တွင် ပါဝင်သရုပ်ဆောင်ရင်း ယင်းသို့ကြုံခဲ့ရသည့်အကြောင်းကို အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဟတ်သဝေးက ရင်ဖွင့်ပြောပြသွားခြင်းဖြစ် သည်။

အန်းဟတ်သဝေးကိုယ်တိုင် ပရိုဂျူဆာအဖြစ် ထုတ်လုပ်ပြီး ဒါရိုက်တာဂျူလီတေမာ ရိုက်ကူးညွှန်ကြားသည့်  Grounded ပြဇာတ်သည် အရှေ့အလယ်ပိုင်းရှိ အမျိုးသမီးတိုက် လေယာဉ်မှူးတစ်ဦး မထင်မှတ်သည့်ကိုယ်ဝန် ကြောင့် အလုပ်ကိုစွန့်လိုက်လိုက်ရသည့်အကြောင်း ရိုက်ပြထားခြင်းဖြစ်သည်။

ပထမဆုံးကိုယ်ဝန်က ၎င်းအတွက် အဖတ်မတင်ခဲ့ဟု  ဟတ်သဝေးက အင်တာဗျူးတွင်ဆိုပြီး သူငယ်ချင်းများ ဇာတ်စင်နောက်သို့  ရောက်လာစဉ်က ကိုယ်ဝန်ပျက်ကျမှု အဖြစ်မှန်ကို ပြောပြလိုက်သည်။ဇာတ်စင်ပေါ်တွင် အရာအားလုံး အဆင်ပြေနေသယောင် ဟန်ဆောင်ခဲ့ရသည်ဟုလည်း အော်စကာဆုရှင် ဟတ်သဝေးကပြောသည်။

ဟတ်သဝေးသည် ပရိုဂျူဆာ ၊ သရုပ်ဆောင် အဒမ်ရှူမန်နှင့် ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာတွင် လက်ထပ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်တွင် သားဦးလေး မွေးခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်တွင် အင်စတာဂရမ်၌ ဟတ်သဝေးက နောက်ထပ်ကိုယ်ဝန်ရှိနေပြီဟု ပရိသတ်ကို အသိပေးခဲ့သည်။  ထိုသို့သတင်းပေးရင်း ဟတ်သဝေးက ၎င်း၏ မျိုးအောင်မှုခက်ခဲပုံကိုပါ ရင်ဖွင့်ခဲ့သည်။ “ဒါက ရုပ်ရှင်ရိုက်ဖို့မဟုတ်ပါဘူး”ဟု  ဆိုကာ ဟတ်သဝေးက ၎င်းဗိုက်ထွက်နေသည့် ဓာတ်ပုံကို တွဲတင်ပေးခဲ့သည်။

ယခုအင်တာဗျူးတွင် ဟတ်သဝေးက  ပုံမှန်ဟုယူဆရသည့် အရာတစ်ခုအတွက်  ၎င်းရှက်ကြောက်နေမည်မဟုတ်ဟု ပြောဆိုသွားသည်။

ကိုယ်ဝန်ပျက်ကျပြီးနောက် ၎င်းက ကိုယ်ဝန်ပျက်ကျခြင်းသည် မည်မျှဖြစ်လေ့ဖြစ်ထရှိသည်ကို အံ့သြစွာသိလိုက်ရသည်ဟုဆိုပြီး သူငယ်ချင်းအများစုကလည်း အလားတူကြုံတွေ့ခဲ့ရသည်ကို သိလိုက်ရသည်။

 

Most Read

Most Recent