ဝဿန်ရုပ်ရှင်ပွဲတော်၏ Best Short Film ဆုရှင် ဒါရိုက်တာ Edo Vader နှင့်တွေ့ဆုံခြင်း

ဝဿန်ရုပ်ရှင်ပွဲတော်၏ Best Short Film ဆုရှင် ဒါရိုက်တာ Edo Vader နှင့်တွေ့ဆုံခြင်း
Published 13 September 2017

‘မြန်မာနိုင်ငံမှာက အင်နီမေးရှင်း ဖန်တီးစရာ အကြောင်းအရာများစွာ ရှိပါတယ်။ မြန်မာ့ရိုးရာနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ရသပိုင်းဆိုင်ရာ ခံစားချက်ကို ပေးချင်ရင်ပဲဖြစ်ဖြစ် ဖန်တီးလို့ရပါတယ်’

သတ္တမအကြိမ်မြောက် ကျင်းပခဲ့သည့် ဝဿန်ရုပ်ရှင်ပွဲတော်၏ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆုများအသီးသီး ချီးမြှင့်ခဲ့ရာတွင် Best Short Film Award ကို ‘သားရှင်ပြု’ အင်နီမေးရှင်းဇာတ်ကားဖြင့် ဒါရိုက်တာ Edo Vader (ခေါ်) ဝဏ္ဏစိုးက ရရှိခဲ့ပါသည်။ မြန်မာ့ရိုးရာ ရှင်ပြုမင်္ဂလာအား အင်နီမေးရှင်း အတတ်ပညာဖြင့် ဖန်တီးထားခြင်းဖြစ်ကာ ကြည့်ရှုသူများက စိတ်ဝင်စားအားပေးစေခဲ့သည့် ဇာတ်ကားတိုတစ်ကားလည်းဖြစ်သည်။ ကိုရီးယားနိုင်ငံတွင် ကာတွန်းပညာရပ်အား သွားရောက်သင်ယူခဲ့ပြီးနောက် ကာတွန်းနှင့် အင်နီမေးရှင်း ဖန်တီးမှုများ ပြုလုပ်လျက်ရှိသူ ဒါရိုက်တာ Edo Vader ၏ ဇာတ်ကားဖန်တီးမှု အတွေ့အကြုံနှင့် ဆုရရှိသည့် ခံစားချက်၊ အင်နီမေးရှင်းဈေးကွက်အပေါ် အမြင်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - ဝဿန်ရုပ်ရှင်ပွဲတော်ကိုမပြိုင်ခင် ကာတွန်းရေးဆွဲတာတွေ၊ အင်နီမေးရှင်းရေးဆွဲတာတွေ ပြုလုပ်ခဲ့တယ်ဆိုတော့ အဲဒီအတွေ့အကြုံလေးတွေ အရင်ပြောပြပေးပါဦး။
ဖြေ - အင်နီမေးရှင်းကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ စာအုပ်တွေ ဖတ်လေ့လာတာမျိုးတွေ လုပ်ခဲ့တယ်။ နောက်တော့ ထိုင်ဝမ်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်ရာကနေ အတွေ့အကြုံတချို့ ရလာခဲ့တယ်။ အဲဒီကနေမှ အင်နီမေးရှင်း ဇာတ်ကားလေးတွေ ဖန်တီးဖြစ်ခဲ့တာပါ။ ၂၀၁၂ မှာ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော်အတွက် ဇာတ်ကားတစ်ကား ဖန်တီးဖြစ်ခဲ့ပါတယ်။ ကလေးစစ်သားအကြောင်းပေါ့။ အဲဒီဇာတ်ကားက ဆုမရခဲ့ပေမယ့် ဆန်ခါတင်စာရင်းမှာ ဝင်ခဲ့တယ်။ ၂၀၁၃ မှာ ဆီးဂိမ်းစ်အတွက် အင်နီမေးရှင်း ဇာတ်ကားတစ်ကား ဖန်တီးခဲ့ပြီး အကြောင်းကြောင်းကြောင့် မပြသနိုင်ခဲ့ပေမယ့် ကိုရီးယားမှာ အင်နီမေးရှင်းနဲ့ ပတ်သက်လို့ ကျောင်းသွားတက်တဲ့အခါမှာတော့ ပြသခွင့်ရခဲ့ပါတယ်။

■ မေး - အခုဆုရရှိခဲ့တဲ့ ‘သားရှင်ပြု’ ဇာတ်ကားကရော ပြိုင်ပွဲအတွက် ရည်ရွယ်ဖန်တီးခဲ့တာလား။ ဇာတ်လမ်းကရော ဘယ်လိုရရှိခဲ့တာလဲ။
ဖြေ - ဒီဇာတ်ကားက ရှင်ပြုနဲ့ပတ်သက်တဲ့ သီချင်းလေးနားထောင်ရင်းက ခံစားမိပြီး ရလာတဲ့စိတ်ကူးပါ။ မြန်မာလူမျိုးတိုင်း၊ ဗုဒ္ဓဘာသာဝင်တိုင်းက တန်ဖိုးထားကြတယ်။ သားကိုရှင်ပြုပေးဖို့အတွက် ကြိုးပမ်းကြတယ်။ ဒီဓလေ့လေးကို ဖော်ထုတ်ချင်တဲ့အတွက် ဇာတ်လမ်းလေးစဉ်းစားဖြစ်တယ်။ ရသပိုင်းဆိုင်ရာလည်း ခံစားစေချင်တဲ့အတွက် ရသပိုင်းပေါ်လွင်တဲ့ ဇာတ်ကားမျိုးလည်းဖြစ်အောင် ဇာတ်လမ်းကို ပြန်ပြင်ရေးဖွဲ့ဖြစ်ခဲ့တာပါ။

■ မေး - အခုဖန်တီးထားတဲ့ ဇာတ်ကားလေးရဲ့ ဇာတ်လမ်းက ခေတ်စနစ်ကိုလည်း ထင်ဟပ်နေတာ တွေ့ရတယ်။ ကိုယ်ပေးချင်တဲ့ Message ကို အချိန်တိုအတွင်း ပေးနိုင်အောင် ဖန်တီးရတဲ့အတွက် အခက်အခဲရှိလား။
ဖြေ - အခက်အခဲကတော့ရှိပါတယ်။ အဓိက,ကတော့ ဇာတ်လမ်းရေးတာလည်း ကျွန်တော်ပဲ။ ဇာတ်ညွှန်းရေးတာလည်း ကျွန်တော်ပဲ။ အင်နီမေးရှင်းရေးတာလည်း ကျွန်တော်ပဲဖြစ်နေတာပေါ့။ တကယ်တမ်းကျတော့ ကျွန်တော်က အဖွဲ့နဲ့လုပ်ချင်တယ်။ ဒါကြောင့် သူငယ်ချင်းတွေကို အကူအညီတောင်းတဲ့အခါ အများစုက မအားကြဘူး။ အဲဒီလိုနဲ့ အချိန်တော်တော်ကြာသွားတယ်။ သူငယ်ချင်းနှစ်ယောက်ကတော့ နောက်ခံကာတွန်းတွေရေးပေးခဲ့တယ်။ အဲဒါကြောင့်လည်း ဒီလောက်ပြီးသွားတာပါ။ အဲဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ် အခက်အခဲတစ်ခုကတော့ အသံသွင်းတဲ့အပိုင်းမှာပါ။ ပထမတစ်ကြိမ် အသံသွင်းတဲ့အခါ ကလေးရဲ့မုဒ်က အရမ်းကောင်းပေမယ့် အသံဖမ်းတဲ့သူ ဖမ်းထားတဲ့အသံက အရမ်းတိုးနေတယ်။ အဲဒါနဲ့ပဲ ရသလောက်ဖန်တီးပြီး ကိုရီးယားကို နောက်တစ်ကြိမ် ကျောင်းပြန်သွားတက်တဲ့ အချိန်မှာပြသခဲ့ရတယ်။ အဲဒီမှာကတော့ စာတန်းထိုးပြသတာဖြစ်တဲ့အတွက် ပြဿနာမရှိခဲ့ဘူး။ ဒီကိုပြန်လာတဲ့အချိန်မှပဲ အသံပြန်သွင်းတဲ့အခါ ကလေးကလည်း နည်းနည်းအသက်ကြီးသွားတဲ့ အသံမျိုးလေး ဖြစ်သွားတယ်။ အဲဒီအခက်အခဲလေးတွေတော့ ရှိခဲ့ပါတယ်။

■ မေး - အခုဒီဇာတ်ကားက အကောင်းဆုံးဇာတ်ကားတိုဆုရတဲ့ ခံစားချက်ကို ပြောပြပေးပါဦး။
ဖြေ - ဒီဇာတ်ကားက ကိုရီးယားမှာ Master တက်တဲ့အချိန် ကျောင်းပရောဂျက်အနေနဲ့ လုပ်ဖြစ်တာပေါ့။ ဟိုမှာပြဖို့အတွက် ရည်ရွယ်ဖန်တီးတုန်းကလည်း ရှင်ပြုတယ်ဆိုတာ မြန်မာလူမျိုးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ နားလည်အောင်၊ ရသပိုင်းလည်း ခံစားရအောင် ဖန်တီးခဲ့တယ်။ ပြသတုန်းကလည်း သူတို့ကြိုက်ကြ အားပေးကြပြီး Special ဇာတ်ကားအနေနဲ့ သတ်မှတ်ခံရတယ်။ ဒါပေမဲ့ မြန်မာပရိသတ်တွေကိုလည်း အရမ်းပြသခွင့်ရချင်တယ်။ တကယ်တမ်း ဒီမှာပြတဲ့အချိန်မှာ ရုပ်ရှင်ပွဲတော်ရဲ့ နောက်ဆုံးဇာတ်ကားအဖြစ် ပြသတဲ့အခါကျတော့ ပရိသတ်က နည်းသွားမလားဆိုပြီး စိတ်ပူခဲ့ပေမဲ့ ပြသတဲ့ညက ပရိသတ်တွေအများကြီး ကြည့်ကြသလို အရမ်းလည်းအားပေးကြတဲ့အတွက် ပျော်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်ရွေးချယ်မှု အများဆုံးဇာတ်ကားသုံးကား စာရင်းမှာပါဝင်နိုင်ခဲ့တယ်။ ဆုရဖို့က မမှန်းထားဘူး။ ဆုရတော့ အရမ်းဝမ်းသာပါတယ်။

■ မေး - နောက်ထပ်ရော အင်နီမေးရှင်း ဇာတ်ကားတွေ ဖန်တီးနေတာမျိုးရှိလား။
ဖြေ - ဖန်တီးနေတာတွေ ရှိပါတယ်။ နောက်ထပ် အင်နီမေးရှင်းဇာတ်ကားတွေ ပြသခွင့်ရဖို့လည်း ကြိုးပမ်းသွေားမှာပါ။

■ မေး - မြန်မာနိုင်ငံမှာ အင်နီမေးရှင်းဈေးကွက်က ထိပ်တန်းရောက်သင့်သလောက် မရောက်သလို ဖန်တီးသူတွေဘက်မှာ အခက်အခဲတွေရှိနေဆဲပဲ။ အဲဒီအပေါ်ဘယ်လိုမြင်လဲ။
ဖြေ - လက်ရှိမှာတော့ လူငယ်တွေက အင်နီမေးရှင်း စတူဒီယိုလေးတွေ ဖွင့်လာကြတာတွေလည်း များလာတယ်။ ကိုယ်ပိုင်ဖန်တီးမှုတွေလည်း လုပ်နိုင်လာကြတယ်။ ဈေးကွက်လည်း နည်းနည်းတော့ ကောင်းလာတယ်လို့ ပြောရပါမယ်။ အခုထက်ပိုပြီး တိုးတက်လာတဲ့ အခြေအနေတစ်ခုကို ရောက်လာမှာပါ။

■ မေး - ဒီဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာပြသဖို့ ရည်ရွယ်ချက်ရောရှိလား။
ဖြေ - ရှိပါတယ်။ တခြားရုပ်ရှင်ပွဲတော်တွေကိုလည်း အခွင့်အရေးရရင်တော့ ပြသဖြစ်မှာပါ။

■ မေး - နောက်ထပ် ဘယ်လိုအကြောင်းအရာမျိုးတွေကို အင်နီမေးရှင်းအနေနဲ့ ဖန်တီးပြချင်လဲ။
ဖြေ - မြန်မာနိုင်ငံမှာက အင်နီမေးရှင်း ဖန်တီးစရာ အကြောင်းအရာများစွာ ရှိပါတယ်။ မြန်မာ့ရိုးရာနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ရသပိုင်းဆိုင်ရာ ခံစားချက်ကို ပေးချင်ရင်ပဲဖြစ်ဖြစ် ဖန်တီးလို့ရပါတယ်။ အဲဒီလိုအကြောင်းအရာလေးတွေလည်း ဆက်ပြီးဖန်တီးချင်တယ်။ အင်နီမေးရှင်းဆိုရင် အများစုက ကလေးတွေအတွက်ပဲ ဖန်တီးတယ်လို့ ထင်ကြတာမျိုးတွေလည်းရှိတယ်။ ကျွန်တော်ကတော့ ကလေးတွေအတွက်သာမကဘူး၊ ခံစားမှုရသရရှိစေမယ့် အကြောင်းအရာမျိုးစုံကို ဖန်တီးပြချင်ပါတယ်။

Most Read

Most Recent