မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၆၀ ကျော် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား မွန်ပြည်နယ် မုတ္တမမြို့တွင် ဖမ်းဆီးရမိ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၆၀ ကျော် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား မွန်ပြည်နယ် မုတ္တမမြို့တွင် ဖမ်းဆီးရမိ
Published 29 August 2018

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ခရမ်း-သုံးခွ မော်တော်ယာဉ်ဂိတ် အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် အသက် ၆၀ ကျော်အရွယ် အဘွားအို တစ်ဦးအား သားမယားပြုကျင့်ပြီး သတ်ခဲ့သည့် အမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၂၈ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လူသတ်မှုကျုးလွန်သူ အမျိုးသားမှာ ကို.... (၂၄ နှစ်) ဖြစ်ပြီး ၎င်းအား သြဂုတ် ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် မွန်ပြည်နယ် မုတ္တမမြို့ ဆီဆုံရပ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျုးလွန်သူကို သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှာ မွန်ပြည်နယ် မုတ္တမမှာ ဖမ်းဆီးရမိတာပါ။ ဖမ်းဆီးရမိသူကို ဒီကတပ်ဖွဲ့တွေက လွှဲပြောင်းယူဖို့ သွားနေပါတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လူသတ်မှု ကျူးလွန်သူမှာ သေဆုံးသူ ဒေါ်.... (၆၃ နှစ်) အား သားမယားပြုကျင့်ပြီး လည်ပင်းညှစ်သတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရကြောင်း မုတ္တမနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သြဂုတ် ၂၈ ရက် နံနက်ပိုင်းက မုတ္တမ ဆီဆုံရပ်မှ ဖမ်းဆီးရမိခဲ့သူဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဖြစ်ကြောင်းကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူးနဲ့ ဆက်သွယ်အတည်ပြုချက် ရယူပြီးပါပြီ။ အခုရန်ကုန်ကို လွှဲပြောင်းပေးဖို့ ဆောင်ရွက် နေကြပါတယ်” ဟု မုတ္တမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သြဂုတ် ၂၂ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ခရမ်း-သုံးခွ မော်တော်ယာဉ်ဂိတ် အနီးရှိ လေထိုးကျွတ်ဖာဆိုင်တွင် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်.... (၆၃ နှစ်) ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ အဆိုပါဆိုင်၏ နောက်ဖေးအခန်း၌ သေဆုံးနေခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ သေဆုံးသူမှာ နဖူး၊ နှာတံ ပိန်ချိုင့်စုတ်ပြဲနှင့် ယာလက်ဖျံ စုတ်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားခဲ့သည့် နေရာမှာ နေ့ခင်းအချိန်၌ လူအသွားအလာ များပြားသော်လည်း ညဘက်အချိန်တွင် မှောင်ပြီး လူပြတ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျုးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent