ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သုံးရက်ကျော် ပျောက်ဆုံးနေသည့် ကလေးငယ်၏ အလောင်းကို ရေ‌မြောင်းတစ်ခုတွင် တွေ့ရှိ

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သုံးရက်ကျော် ပျောက်ဆုံးနေသည့် ကလေးငယ်၏ အလောင်းကို ရေ‌မြောင်းတစ်ခုတွင် တွေ့ရှိ
Published 27 February 2024

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သုံးရက်ကျော် ပျောက်ဆုံးနေသည့် ကလေးငယ်၏ အလောင်းကို ရေ‌မြောင်းတစ်ခုတွင် တွေ့ရှိခဲ့‌ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစုကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသည့် ကလေးငယ်၏ အလောင်းအား ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ရေ‌မြောင်းတစ်ခုတွင် ‌ပြန်လည်တွေ့ရှိခဲ့သည်ဟု သိရသည်။

“မချိမဆန့် dead body ဒီအရွယ်နဲ့ ဒီဒဏ်ရာ မျှတရဲ့လားကွာ” ဟု ကလေးငယ်၏ ဖခင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကလေးငယ်၏ အလောင်းအား အိမ်၏အနီး လွမ်းစေတီဘုရားအနီးရှိ ရေ‌မြောင်းတခုတွင် တွေ့ရှိခဲ့သည်ဟု ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ‌ပြောကြားသည်။

“ကလေးကတော့ ပြန်တွေ့ပြီ။ အသက်မရှိတော့ဘူး။ ကလေးအလောင်းမှာ ဒဏ်ရာရှိမရှိကတော့ ရဲတွေ စစ်ဆေးနေပါတယ်။ အလောင်းက ဒီမနက် ၇ နာရီလောက်က တွေ့တာ။ အလောင်းကို သူတို့အိမ်နဲ့ နည်းနည်းတော့ဝေးတယ် ကားလမ်းဘေးပေါ့။ လွမ်းစေတီဘုရားလေးရဲ့ ရေ‌မြောင်းမှာ တွေ့တာ” ဟု ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ‌ပြောကြားသည်။

ကလေးငယ်၏ နာရေးအား ဖေဖော်ဝါရီ ၂၇ ရက် (ယနေ့)တွင် ဒိုက်ဦးမြို့နယ် ရှမ်းစုသုဿာန်တွင် ပြုလုပ်မည်ဖြစ်‌ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကလေးမြို့ အောင်သစ္စာရပ်ကွက်နေ ဦးလှမြိုင်၊ ဒေါ်အိညိုတို့၏ သမီးငယ် အသက်လေးနှစ်အရွယ် မမေဇင်ကျော်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က ပျောက်ဆုံးသွားခဲ့သည်ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကလေးငယ်ကို တွေ့ရှိ ပါက ဖုန်းနံပါတ် ၀၉၂၅၆၃၀၀၆၅၅၊  ၀၉၉၆၆၂၆၂၆၁၄၊ ၀၉၂၅၉၁၀၈၃၆၆၊ ၀၉၄၀၀ ၅၃ ၄၀၁၃ များသို့ ဆက်သွယ်နိုင်ကြောင်း ဆက်လက်ရေးသားထားသည်။

Most Read

Most Recent