ရန်ကုန် - မော်လမြိုင် ရထားလမ်းရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ရထားပေါင်းကူးတံတားအား ပြုပြင်နေသောအဖွဲ့ Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရ

ရန်ကုန် - မော်လမြိုင် ရထားလမ်းရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ရထားပေါင်းကူးတံတားအား ပြုပြင်နေသောအဖွဲ့ Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံရ
Published 19 March 2024

မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းဘူတာနှင့် သိမ်ဆိပ်ဘူတာကြား ရန်ကုန် - မော်လမြိုင် ရထားလမ်းတွင် မတ် ၁၈ ရက် နံနက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ယင်းပျက်စီးသွားသည့်နေရာကို ပြုပြင်နေသည့်အဖွဲ့အား မတ် ၁၉ ရက် နံနက်ပိုင်းက Drop Bomb ဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

 “ဗုံးတွေက ရထားလမ်းပြုပြင်နေတဲ့ နေရာအနီးက ရော်ဘာခြံထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရတယ်။ လူတွေတော့ ထိခိုက်ခဲ့တာမျိုးမရှိပါဘူး။ ဒါပေမယ့် လုံခြုံရေးအခြေအနေအရ ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ စောင့်ကြည့်နေရတယ်” မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာသို့ သွားရောက်မည့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင် (၁၄) တွဲပါ အမှတ် (၆၈၆) ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါက်ကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် လမ်းခင်းကျောက်များ တင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုအခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းတို့အား ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်းပေါ်ရှိ ပေါင်မြို့နယ် သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်များတွင်း ရထားလမ်းများ မကြာခဏမိုင်းခွဲဖျက်ဆီးခံရလေ့ရှိသည့်အပြင် လူစီးရထားများ၊ ကုန်တင်ရထားတွဲများ မကြာခဏမိုင်းခွဲခံရလေ့ရှိကြောင်း သိရသည်။

Most Read

Most Recent