ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့တွင် မတ် ၂၁ ရက်က မော်တော်ယာဉ်နှစ်စီး တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် အောင်ပန်း-တောင်ကြီးသွားလမ်း သာမိုင်းခမ်းတံတားအကျော် နီလာရိုးမ စက်သုံးဆီအရောင်းဆိုင်ရှေ့အနီး လမ်းမကြီးတွင် မိုးအနည်းငယ်ရွာထားသဖြင့် စလစ်ဖြစ်ကာ မော်တော်ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခြောက်ဘီးယာဉ်နှင့် Light Truck တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး အေးသာယာတွင် နေထိုင်သော Light Truck ယာဉ်မောင်းကို ကောင်းခန့်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး Light Truck ယာဉ်ပေါ်ပါ မောင်ထွန်းမှာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာမှ သေဆုံးသူ၏အလောင်းနှင့် ထိခိုက်ဒဏ်ရာရလူနာများအား အောင်ပန်းဆေးရုံအရေးပေါ်ဌာနနှင့် အောင်ပန်းဆေးရုံရင်ခွဲရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသော ကိုကောင်းခန့်အား တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ဆက်လက်ကူညီပို့ဆောင်ပေးခဲ့ရကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။
မတ် ၂၀ ရက် ည ၁၀ နာရီတွင်လည်း အောင်ပန်း-တောင်ကြီးသွားလမ်း၌လည်း ယာဉ်တစ်စီး လမ်းဘေးမြောင်းအတွင်းကျကာ တိမ်းမှောက်မှုကြောင့် ဒဏ်ရာရယာဉ်မောင်းအား အောင်ပန်းဆေးရုံအရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။