စစ်တွေမြို့တစ်ဝိုက်တွင် AA အဖွဲ့က Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၈ ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူနှစ်ဦးအပါအဝင် ၄၇ ဦး ဒဏ်ရာရရှိဟု နစက ထုတ်ပြန်

စစ်တွေမြို့တစ်ဝိုက်တွင် AA အဖွဲ့က Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၈ ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူနှစ်ဦးအပါအဝင် ၄၇ ဦး ဒဏ်ရာရရှိဟု နစက ထုတ်ပြန်
Published 18 March 2024

ရခိုင်ပြည်နယ် စစ်တွေမြို့တစ်ဝိုက်တွင် AA အဖွဲ့က ၁၈ ရက်အတွင်း Drop Bomb များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ၁၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဒေသခံ ၁၈ ဦးသေဆုံးကာ ကျောင်းသား၊ ကျောင်းသူနှစ်ဦးအပါအဝင် ၄၇ ဦး ဒဏ်ရာရရှိဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်တွေမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ မတ် ၁၆ ရက် နံနက် ၁ နာရီခန့်တွင် AA အဖွဲ့က ပုဏ္ဏားကျွန်းဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များသည် စက်ရုံစု(၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်ခုအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုသို့လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး တာဝန်ရှိသူများက စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး (ခုတင်- ၅၀၀) သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

AA အဖွဲ့အနေဖြင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများသို့လည်းကောင်း၊ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့၊ မြို့မစျေးအနီးရှိ ဒေသအခေါ်အဝေါ် ကိုရီးယားဆိပ်ကမ်းစျေးအတွင်းသို့ လည်းကောင်း၊ မတ် ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်တွေမြို့ ကသဲရပ်ကွက်အတွင်း သို့လည်းကောင်း၊ မတ် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအနီးသို့လည်းကောင်း၊ မတ် ၁၃ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စုစုပေါင်းလူနေရပ်ကွက်များအတွင်းသို့ ၁၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ AA အဖွဲ့၏ မြို့၊ ရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၈ ဦး သေဆုံးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးအပါအဝင် ၄၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။