စံသတ်မှတ်ချက်၊ တင်းတောင်းအပါအဝင် အတိုင်းအတာယူနစ်စနစ်များ တစ်ပြေးညီ သတ်မှတ်နိုင်ရန်အတွက် တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ

စံသတ်မှတ်ချက်၊ တင်းတောင်းအပါအဝင် အတိုင်းအတာယူနစ်စနစ်များ တစ်ပြေးညီ သတ်မှတ်နိုင်ရန်အတွက် တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေ
Published 28 July 2017

စံသတ်မှတ်ချက်၊ တင်းတောင်းအပါအဝင် အတိုင်းအတာယူနစ်စနစ်များ တစ်ပြေးညီ သတ်မှတ်နိုင်ရန်အတွက် တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေမူကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၂၄ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အိမ်မဲမြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ၏ “စပါးဝယ်ယူရာတွင် အလေးချိန်တင်းတောင်း စံချိန်မကိုက်ညီမှုများကို မည်သို့ပြင်ဆင်သတ်မှတ် အရေးယူခြင်းများ ပြုလုပ်မည်ကိုသိလိုခြင်း” မေးခွန်းကိုဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် အလေးချိန်၊ တင်းတောင်းစံ သတ်မှတ်ချက်များနှင့် ပေါင်အလေးချိန် သတ်မှတ်ချက်များကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆိုသည်။

“ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနကနေပြီးတော့ မြန်မာနိုင်ငံမှာ စံတင်းတောင်းအပါအဝင် အတိုင်းအတာယူနစ်စနစ်များ တစ်ပြေးညီသတ်မှတ်နိုင်ဖို့အတွက် တိကျစွာတိုင်းတာခြင်း နည်းပညာဥပဒေ (မူကြမ်း) Law on Metrology ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပါဝင် ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဥပဒေမူကြမ်းကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ အကြံပြုချက်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အကြံပြုချက်များအတိုင်း ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဦးဝင်းမော်ထွန်းက ဆိုသည်။

၎င်းဥပဒေမူကြမ်းကို ပြဋ္ဌာန်းပြီးပါက လက်ရှိအသုံးပြုလျက်ရှိသည့် တင်းတောင်းအချင်အတွယ်များနှင့် ပတ်သက်ပြီး တောင်သူလယ်သမားများအပါအဝင် ရောင်းသူဝယ်သူ နှစ်ဖက်စလုံး အငြင်းပွားမှုမဖြစ်ပေါ်စေရေး၊ မျှတသော ကုန်သွယ်မှုဖြစ်စေရေးအတွက် အဆိုပါ တင်းတောင်းစံသတ်မှတ်ချက်များကို နည်းဥပဒေနှင့် နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆက်လက်ရေးဆွဲပြဋ္ဌာန်းပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိစပါးအဝယ်ဒိုင်များတွင် အသုံးပြုနေသည့် စပါးစိုထိုင်းဆတိုင်းတာသည့် ကိရိယာများကိုလည်း စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းပြုလုပ်သည့် ဓာတ်ခွဲခန်းကိုလည် ထူထောင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဦးဝင်းမော်ထွန်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent