အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
Published 19 June 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ယနေ့( ဇွန် ၁၉ ရက်)က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦးနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မြတ်ဦး တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့က ဆွေးနွေးလိုသည့် အချက်များကို အဆိုပြု တင်ပြပြီး အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဘက်မှ ဆွေးနွေးလိုသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှ  ပြင်ဆင် ဖြည့်စွက်သင့်သည့် အချက်များနှင့်ပတ်သက်၍ ရှင်းလင်တင်ပြကာ နိုင်ငံရေးပါတီများ၏ သဘောထားအမြင်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်မှ ပြင်ဆင် ဖြည့်စွက်သင့်သည့်ဟု သုံးသပ်ယူဆရသည့် အဆိုပြုချက်များနှင့်ပတ်သက်ပြီး နှစ်ဖက် အဆိုပြုချက်များကို အပြန်အလှန် ရှင်းလင်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့အား ရပ်နားလိုက်ကြောင်းနှင့် ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၀ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။