ရှယ်ယာလိမ်လည်ရောင်းချသည့် SCL နှင့် i Smart ကုမ္ပဏီကို အရေးယူပေးရန် SECM က ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း သိရ

ရှယ်ယာလိမ်လည်ရောင်းချသည့် SCL နှင့် i Smart ကုမ္ပဏီကို အရေးယူပေးရန် SECM က ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း သိရ
Published 19 August 2017

ပြည်သူများကို အစုရှယ်ယာများ လိမ်လည်ရောင်းချသည့် Saxon Capital Limited ကုမ္ပဏီနှင့် i Smart ကုမ္ပဏီတို့ကို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) အဖွဲ့ဝင် ဦးဌေးချွန်က သြဂုတ် ၁၈ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ကျင်းပသည့် ရှင်းလင်းပွဲတွင် ပြောကြားသည်။

အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၂၅၀၀ ဖြင့် မြင့်မားသော အတိုးနှုန်းပေးကာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် အစုရှယ်ယာများ လိမ်လည်ရောင်းချနေသည့် Saxon Capital Limited ကုမ္ပဏီနှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် Saxon Capital Limited ကုမ္ပဏီ၏ လိမ်လည်မှုမှာ အဆိုပါ ဒေသများထက် များပြားခဲ့ပြီး မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ဒေသခံများက Saxon Capital Limited ကုမ္ပဏီက ငွေကျပ် သိန်းပေါင်းများစွာ လိမ်လည်သည်ဟုဆိုကာ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားခဲ့သည်။

Saxon Capital Limited (SCL) တာဝန်ရှိသူများ ရှောင်တိမ်းနေပြီး ယင်းလုပ်ငန်းနှင့် ဆက်စပ်သည့် i Smart က မော်လမြိုင်မြို့တွင် ထပ်မံလိမ်လည်မှုနှင့် ပတ်သက်၍ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်က ဇူလိုင် ၃ ရက်တွင် ထပ်မံသတိပေး ကြေညာခဲ့သည်။

“ကျွန်တော်တို့က ရဲမဟုတ်တဲ့ အခါကျတော့ သွားပြီး ဖမ်းဆီးလို့ မရပါဘူး။ ကျွန်တော်တို့က Information တွေကို စုရပါတယ်။ Information တွေကို စုပြီးတော့ ဝန်ကြီးရုံးကနေတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားထားပါတယ်” ဟု ဦးဌေးချွန်က ဆိုသည်။

Saxon Capital Limited ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ၂၀၁၆ ခုနှစ်က မှတ်ပုံတင်ခဲ့သော ကုမ္ပဏီဖြစ်သည်။ လက်ရှိလိမ်လည်မှုမှာ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေနှင့် သာမက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့်ပါ သက်ဆိုင်နေကြောင်း ဦးဌေးချွန်က ပြောကြားသည်။

“ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာကို ဆောင်ရွက်ပြီးပါပြီ။ နောက်တစ်ခုက Private ကုမ္ပဏီသည် အစုရှယ်ယာ ရောင်းခွင့် မရှိပါဘူး။ အဲဒီကိစ္စကိုလည်း ပြည်ထဲရေးက အရေးယူလို့ရပါတယ်။ လုပ်ခွင့်မရှိတာကို လုပ်နေတာ လိမ်လည်နေတာကြောင့် အရေးယူနိုင်နေပါပြီ” ဟု ဦးဌေးချွန်က ဆက်လက်ပြောကြားသည်။

ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ၂၀၁၇ ခုနှစ် ဇွန် ၂၉ ရက်တွင် Saxon Capital Limited နှင့် i Smart ကုမ္ပဏီ၏ ဘဏ်လုပ်ငန်းစနစ်နှင့် Mobile Plattform ကို အသုံးပြုလိမ်လည်မှုများနှင့် စပ်လျဉ်း၍ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

အများပြည်သူများ အနေဖြင့် အဆိုပါလုပ်ငန်း ဆောင်ရွက်နေခြင်းအား တွေ့ရှိလျှင်သော် လည်းကောင်း၊ မိမိအတွက် နစ်နာမှု တစ်စုံတစ်ရာရှိ၍ တိုင်ကြားလိုလျှင် လည်းကောင်း အကျိုးအကြောင်းဖော်ပြ၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံး (အမှတ် ၂၁-၂၅ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးရုံး ဒုတိယထပ် ပန်းဘဲတန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်းနံပါတ်- ၀၁-၃၇၀၁၀၀၊ ၀၁-၃၇၃၁၉၈၊ ၀၁-၃၇၃၉၅၉၊ Email:[email protected]) သို့ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားမှုအပေါ်မူတည်၍ အများပြည်သူ အကျိုးစီးပွား ကာကွယ်ရန် အလို့ငှာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်မံအသိပေး ကြေညာထားသည်။

Most Read

Most Recent