ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တစ်စီး အရှိန်လွန်၍ ချောင်းအတွင်း ထိုးကျပြီး ယာဉ်ပေါ်လိုက်ပါလာသူနှစ်ဦး သေဆုံး

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တစ်စီး အရှိန်လွန်၍ ချောင်းအတွင်း ထိုးကျပြီး ယာဉ်ပေါ်လိုက်ပါလာသူနှစ်ဦး သေဆုံး
Published 29 March 2024

သထုံမြို့နယ် နောင်ဘိုကျေးရွာ ရေပြွန်အပိုင်း ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ယာဉ်တစ်စီးအရှိန်လွန်ကာ ချောင်းအတွင်းထိုးကျသွားသည့်အတွက် ယာဉ်ပေါ်လိုက်ပါလာသူ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ဘီးလင်းမြို့မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသော SUZUKI WAGON အမျိုးအစား မော်တော်ယာဉ်မှာ ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၂/၁) နှင့် (၁၄၂/၂) ကြားတွင် ရှေ့မှ မော်တော်ယာဉ်တစ်စီးကို ကျော်တက်မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ နောင်ဘိုတံတားအောက် ချောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မော်တော်ယာဉ်မှာ အမျိုးသားနှစ်ဦးပါလာတယ်။ နှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။ သူတို့ရဲ့ အလောင်းတွေကိုတော့ သိမ်ဆိပ်တိုက်နယ်ဆေးရုံမှာရှိတဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောကြား သည်။

ချောင်းအတွင်းသို့ မော်တော်ယာဉ် ထိုးကျတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူများမှာ ရန်ကုန်တိုင်းဒေကြီး တောင်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် မြင်သာ (၁) လမ်းနေ အသက် ၄၀ ခန့်ရှိ ဦးချစ်ကိုကို (ယာဉ်မောင်း) နှင့် အသက် ၅၃ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဦးချစ်ကိုကို (သေဆုံး) အား သက်ဆိုင်ရာက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent