ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် မတ် ၇ ရက် နေ့လယ်ပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားပြီး မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ညီနောင်ရွာသစ်၊ ၉၀၁ ဝန်း လူနေအိမ်နှင့် ပတ်ဝန်းကျင်တွင် လက်နက်ကြီးကျည် နှစ်လုံးကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသမီးတစ်ဦး၊ ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားသုံးဦး ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြဝတီမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ထွန်းထွန်း ဦးစီးသည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးမှာ မြဝတီမြို့နယ် ရွာသစ်ကျေးရွာ ၉၀၁ ဝန်း၌နေသူ မဇင်မာထွန်း ၃၇ နှစ်ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှုအား စုံစမ်းမေးမြန်းခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးသူ မဇင်မာထွန်းနှင့် ဒဏ်ရာရရှိသူ ဆန်းထွန်းပါ သုံးဦးတို့သည် ရွာသစ်ကျေးရွာအတွင်းမှ ၉၀၁ ဝန်းအတွင်းရှိ နေအိမ်သို့ လမ်းလျှောက်ပြန်နေစဉ် လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ မဇင်မာထွန်းသည် ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဆန်းထွန်းပါသုံးဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းညီနောင်ကျေးရွာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။