မရမ်းကုန်းမြို့နယ်တွင် ထမင်းစားနေသည့် အမျိုးသမီးကို စနောက်သူနှစ်ဦး ဓားထိုးခံရ

မရမ်းကုန်းမြို့နယ်တွင် ထမင်းစားနေသည့် အမျိုးသမီးကို စနောက်သူနှစ်ဦး ဓားထိုးခံရ
Published 9 September 2018

မရမ်းကုန်းမြို့နယ်တွင် ထမင်းစားနေသည့် အမျိုးသမီးကို စနောက်ခဲ့သူနှစ်ဦး ဓားထိုးခံရမှု ဖြစ်ပွားကြောင်း စက်တင်ဘာ ၈ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက်ကြီးမြို့နယ်နေ ထက်ဝေယံလွင် (၂၀ နှစ်) နှင့် ရန်ရှင်း(၁၉ နှစ်) တို့သည် ၎င်းတို့အလုပ်လုပ်ကိုင်သည့် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံမှ အလုပ်ပြီးသဖြင့် ယင်းမြို့နယ် ကံ့ကော် ၅ လမ်းထိပ်ရှိ ထမင်းဆိုင်တွင် ထမင်းစားခဲ့ကြောင်း သိရသည်။

ထိုသို့ထမင်းစားနေစဉ် အခြားဝိုင်းတွင် ထမင်းထိုင်စားနေသည့် အမျိုးသမီး တစ်ဦးအား စနောက်ခဲ့ကြောင်း၊ ယင်းသို့ စနောက်သဖြင့် အဆိုပါ အမျိုးသမီးဝိုင်းမှ ပွကြီး(၂၅နှစ်) က ၎င်းတို့အား အသင့်ပါလာသည့်ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရတဲ့သူနှစ်ဦးက အလုပ်ပြီးလို့ အရက်သောက်ပြီး ထမင်းဆိုင် ထမင်းသွားစားတာပါ။ ဒဏ်ရာကတော့ တစ်ဦးက ဝဲဘက်နံဘေး ထိုးသွင်းဒဏ်ရာနဲ့ တစ်ဦးက လက်ခုံပြတ်ရှဒဏ်ရာပါ။ သက်ဆိုင်ရာစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဓားနဲ့ထိုးတဲ့သူကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အား ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ)၁၈၀၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent