YBS ယာဉ်တစ်စီးအား အိမ်စီးမော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိရာ YBS ယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား

YBS ယာဉ်တစ်စီးအား အိမ်စီးမော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိရာ YBS ယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွား
Published 8 March 2024

YBS ယာဉ်တစ်စီးအား အိမ်စီးမော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိရာ YBS ယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီခဲ့သည့် ဒေါပုံမြို့နယ် သစ္စာမဏ္ဍိုင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ မတ် ၈ ရက် နံနက် ၁၁ နာရီကျော်တွင် ဒေါပုံမြို့နယ် ဝါဆိုတံတားအဆင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“၁၃၄ YBS က ဂျပန်တံတားပေါ်က ဆင်းလာတာ။ သူက ဒေါပုံဘက်ကနေလာတာ။ Ipsum က ပုဇွန်တောင်ဘက်ကနေလာတာ။ သူက (Ipsum က) တံတားပေါ်တက်ရမယ့်လမ်းကနေ တံတားပေါ်ကို မတက်ဘဲနဲ့ စက်ဆန်းကို ဖြတ်တက်မယ့်လမ်းဘက်ကို ဖြတ်ကူးတယ်။ သူက အဲ့ဒီလိုဖြတ်တော့ တံတားပေါ်က ဆင်းလာတဲ့ YBS က ရှောင်တာပဲ။ ရှောင်လိုက်တာကို Ipsum က YBS ဖင်ကို ဝင်တိုက်တာ။ ဝင်တိုက်တော့ YBS က လည်ပြီးတော့ မှောက်သွားတာ” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ တိမ်းမှောက်ပြီးနောက် YBS ယာဉ်၏ ဆီတိုင်ကီမှာ ဆီယိုစိမ့်ပြီး မော်တော်ယာဉ်အိပ်ဇောပေါ်ကျရာမှ မီးလောင်ခဲ့ခြင်းဖြစ်သည်။

“လူအထိအခိုက်ကတော့ ခြောက်ယောက်ထိတယ်။ အမျိုးသမီးလေးဦး၊ အမျိုးသားတစ်ဦးပေါ့။ သူတို့ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်။ ဒဏ်ရာရတာက အဝါရောင်အဆင့်ပေါ့။ ကျန်တဲ့ အမျိုးသားတစ်ယောက်ကတော့ မြေပြင်ကုသပေးလိုက်ရတာပဲ ရှိပါတယ်” ဟု သစ္စာမဏ္ဍိုင်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုအား ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent