ပုသိမ်မြို့ရှိ ပင်လယ်ပြင်၌ စက်လှေတစ်စီးအား စစ်ဆေးရာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ

ပုသိမ်မြို့ရှိ ပင်လယ်ပြင်၌ စက်လှေတစ်စီးအား စစ်ဆေးရာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ
ပုံစာ- ဖမ်းဆီးရမိသူမျာအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC MYANMAR)
ပုံစာ- ဖမ်းဆီးရမိသူမျာအား သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ-CCDAC MYANMAR)
Published 7 March 2024

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ပင်လယ်ပြင်၌ မသင်္ကာဖွယ်စက်လှေတစ်စီးအား စစ်ဆေးရာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက််အရ သိရသည်။

ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းအနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ်စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ကျပ် ၅ ဒသမ ၂၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး(ခ)သိန်းဝင်းအား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ညနေ ၅ နာရီအချိန် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်ကြသည့် ဝင်းသိန်းထွန်း(ခ)နေသူနှင့် လင်းထွန်းဟန်(ခ)သားပုတို့ နှစ်ဦးအား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက််အရ သိရသည်။

Most Read

Most Recent