ဖားကန့်တွင် ကျောက်စိမ်းတူးနေစဉ် နွံကန်ပြိုကျပြီး လူ ၃၀ ကျော်နှင့် ဘတ်ဖိုးယာဉ်များ ပျောက်ဆုံး၊ လတ်တလောတွင် အလောင်းနှစ်လောင်းတွေ့ရှိ

ဖားကန့်တွင် ကျောက်စိမ်းတူးနေစဉ် နွံကန်ပြိုကျပြီး လူ ၃၀ ကျော်နှင့် ဘတ်ဖိုးယာဉ်များ ပျောက်ဆုံး၊ လတ်တလောတွင် အလောင်းနှစ်လောင်းတွေ့ရှိ
Published 12 March 2024

ဖားကန့်တွင် ကျောက်စိမ်းတူးနေစဉ် နွံကန်ပြိုကျပြီး လူ ၃၀ ကျော်နှင့် ဘတ်ဖိုးယာဉ်များ ပျောက်ဆုံး၊ လတ်တလောတွင် အလောင်းနှစ်လောင်းတွေ့ရှိထားကြောင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူအချို့နှင့် ဒေသခံအချို့က ပြောကြားသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသ မနမှော်တွင် ကျောက်စိမ်းတူးနေစဉ် မတ် ၁၂ ရက် နံနက်အစောပိုင်းက နွံကန်ပြိုကျပြီး လူများပျောက်ဆုံးနေခြင်းဖြစ်သည်။

“နှစ်လောင်းရတယ်။ ကမ်းဘေးကပ်နေတဲ့ အလောင်းတွေလေ။ နွံကန်ဆိုတော့ ရှာလို့လည်းမရဘူး။ လှေနဲ့လည်းသွားမရဘူး။ သေစာရင်းလည်း ဝှက်ထားလိုက်ပြီ။ လက်နက်ကိုင်အဖွဲ့နဲ့ လောပန်းတွေပေါင်းပြီးတူးကြတာ။ များတာကတော့ မြိုင်မြို့နယ်က များတယ်။ မေးကြည့်တာတော့ ၃၀ ကျော်နေတယ်။ အလုပ်အချိန်ကြီးဖြစ်တာ” ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

နွံကန်ပေါက်ကျမှုကြောင့် လုပ်ကွက်အတွင်းရှိ ကိုဖြိုးဝေ(ယာဉ်မောင်း)၊ ကျောက်ဇင်ဝိုင်း(ကြီးကြပ်)၊ ဟိန်းမင်းလတ်(ဘတ်ဖိုးမောင်း)၊ စည်သူမျိုး (မိုင်းအဖွဲ့) လေးဦးမှာ ထွက်ပြေးလွတ်မြောက်လာပြီး ဒဏ်ရာရရှိထားသဖြင့် ဖားကန့်ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။

ယင်းလုပ်ကွက်အနီးလုပ်ကိုင်သူတစ်ဦးက “မြိုင်နယ်က များတယ်။ သူတို့ဘက်က အဖွဲ့က ၂၇ ယောက်လို့ပြောတာပဲ။ အခြားဒေသက ဘယ်လောက်ပါမလဲမသိဘူး။ ဘတ်ဖိုးလည်း များတယ်။ မြေသယ်ကားက နှစ်ဆယ်လောက်ပေါ့။ ကားက လူတွေပါသွားတယ်။ ကျောက်ကောက်၊ ကျောက်ရှာတွေရောဆိုရင် သုံးဆယ်အထက်ရှိမယ်။ စာရင်းက အမှန်မပေါ်နိုင်တော့ဘူး။ အလုပ်သမားက ကိုယ့်လောပန်းအကြီးဆုံး ဘယ်သူဆိုတာ မသိဘူး။ ကြီးကြပ်ရေးလုပ်တဲ့သူတွေကိုပဲ သိတာ။ လက်နက်ကိုင်နဲ့ လောပန်းနဲ့ ရိုက်စားလုပ်တာ။ စာရင်းမှန်ထွက်တော့မှာ မဟုတ်ဘူး။ ကျန်ရစ်သူတွေ နစ်နာတာပေါ့။ ဘယ်သူမှ တာဝန်မယူချင်ဘူး။ အခုပြိုမဲ့နွံကန်ထဲကို အခုတူးနေတဲ့ လုပ်ကွက်က မြေစာတွေ ဖို့ဖို့နေတာ ကြာပြီ။ သူတို့လည်း အန္တရာယ်ရှိတာ သိတယ်။ နွံကန်က အပေါ်ကကြည့်ရင် မြေကြီးတွေပဲလေ။ ရေမှ မတွေ့ရတာ။ အဲဒီနွံတွေက နည်းတဲ့ထုမှ မဟုတ်။ ပေတစ်ရာကျော်တွေလေ။ အပြင်ကကြည့်ရင် ဘာအန္တရာယ်မှ မရှိသလိုပဲ။ ထပ်ပြိုမယ့် နေရာတွေလည်း ရှိသေးတယ်။ နွံတွေက မြှုပ်နေတာ” ဟု ဆိုသည်။

အဆိုပါပြိုကျသည့် နွံကန်အနီးတွင် ၂၀၂၃ ခုနှစ် သြဂုတ် ၁၃ ရက်က ပေါက်ကျခဲ့ပြီး လူ ၃၆ ဦး ပျောက်ဆုံးကာ ၃၃ ဦး အလောင်းပြန်ရသည့် နွံကန်တစ်ကန်လည်းရှိကြောင်း သိရသည်။

မတ် ၁၂ ရက် ညပိုင်းအထိ အမျိုးသားရုပ်အလောင်းနှစ်လောင်း ရရှိထားပြီး တစ်ဦးမှာ ဘုတလင်မြို့နယ်၊ ကျောက်အိုးကျေးရွာမှ အသက် ၃၅ နှစ်အရွယ်ရှိ ဦးမျိုးညွန့်ဆိုသူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent