လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာသည့်ကားအား KIA က ကြားဖြတ်တိုက်ခိုက်ရာ ဦးရွှေမင်းအပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့ သုံးမိုင်အကွာ ကခါရှိကျေးရွာအနီးမှာ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာတဲ့ကား KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဦးရွှေမင်းအပါအဝင် သုံးဦးသေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။
“သူရဲ့ အစောင့်နှစ်ယောက်က မိုင်းထိတော့ သွားကယ်ရင်း စက်သေနတ်နဲ့ အပစ်ခံရတာ။ အားလုံး သုံးယောက်ဆုံးတယ်။ မနေ့ကပဲ အိမ်ကိုသယ်လာပါပြီ။ နောက်နှစ်ရက်လောက်နေရင် သင်္ဂြိုဟ်မယ်။ အဲဒီကိစ္စ ဆွေးနွေးနေကြတယ်” ဟု ဆိုသည်။
လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီ (LNUDP) ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးရွှေမင်းအပါအဝင် ၎င်းပါတီမှ အနိုင်ရသည့်လွှတ်တော် ကိုယ်စားလှယ်များ ရှိခဲ့သည်။
ထို့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဦးရွှေမင်းသည် ကချင်ပြည်နယ်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိထားခြင်းဖြစ်သည်။
လီဆူပြည်သူ့စစ်အဖွဲ့ကို ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက် လီဆူပြည်သူ့စစ်အဖွဲ့အား လူသိများလာခြင်းဖြစ်သည်။