ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် မြန်မာလုပ်သားများ လိုက်ပါလာသည့်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ၁၄ ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် မြန်မာလုပ်သားများ လိုက်ပါလာသည့်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ၁၄ ဦး ဒဏ်ရာရရှိ
Published 1 April 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီတွင် ဧပြီ ၁ ရက် နံနက် ၁ နာရီခန့်က ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ စီးနင်းလာသည့် ခြောက်ဘီးယာဉ်တိမ်းမှောက်ပြီး မြန်မာလုပ်သား ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စံခလဘူရီမြို့နယ် ပလန်(င်)ဖေလ်ကျေးရွာအုပ်စုအနီးတွင် ကုန်တင်ကားတစ်စီး တိမ်းမှောက်ကြောင်းသတင်းအရ စံခလဘူရီရဲစ ခန်းမှတာဝန်ရှိရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်စစ်ဆေးရာ အခင်းဖြစ်ရာနေရာ၌ ခြောက်ဘီးကားတစ်စီး တိမ်းမှောက်နေသည်ကိုတွေ့ရှိပြီး ကားထဲတွင် အထောက်အထားမဲ့မြန်မာလုပ်သား အမျိုးသား၂၂ ဦး၊ အမျိုးသမီး ခုနစ်ဦး၊ စုစုပေါင်း၂၉ ဦးအနက် ၁၄ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသား ၁၄ ဦးအနက် စံခလဘူရီဆေးရုံသို့ ကိုးဦးနှင့် ဖဟွန်ဖယုစေနာဆေးရုံသို့ ငါးဦးပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူစေကြောင်း သိရသည်။

“မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စံခလဘူရီမြို့နယ်ထဲမှာဖြစ်တာဗျ။ မသေကောင်းမပျောက်ကောင်း၊ ဒဏ်ရာအနာတရရရုံမို့ တော်သေးတာပေါ့။ သို့သော်လည်း ၂၀၂၄ ဇန်နဝါရီလထဲမှာ တရားမဝင် ဝင်ရောက်တဲ့  မော်တော်ယာဉ်မတော်တဆမှု သုံးမှုရယ်၊ ထိုင်နိုင်ငံထဲ ရောက်မှတစ်မှု၊ ရှေ့ကဖြစ်စဉ်လေးမှုမှာ မြန်မာငါးဦးအထိ သေဆုံးပြီးတော့ ၄၇ ဦးအထိဒဏ်ရာရခဲ့တယ်။ အခုဖြစ်စဉ်မှာ မြန်မာ ၁၄ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာဟာ အလောင်းအစားအရမ်းများပါတယ်။ အခု ၂၀၂၄ နှစ်စရုံပဲရှိသေးတယ် တရားမဝင်နယ် စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဒဏ်ရာရရှိသူ ၆၁ ဦးအထိရှိခဲ့ပြီးတော့ သေဆုံးသူ ငါးဦးရှိပြီ” ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ် ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုခံယူပြီးနောက် ကျန်ရှိသူအာလုံးနှင့်အတူ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုဖြင့် ဥပဒေအရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရကြောင်းလည်း ဦးမိုးကြိုးက ပြောကြားသည်။

Most Read

Most Recent