ကန်ချနဘူရီ ပြည်နယ်တွင် တရားမဝင် ၀င်ရောက်လာသူ မြန်မာလုပ်သား နှစ်ရက်အတွင်း ၁၀၅ ဦး ဖမ်းဆီးခံရ

ကန်ချနဘူရီ ပြည်နယ်တွင် တရားမဝင် ၀င်ရောက်လာသူ မြန်မာလုပ်သား နှစ်ရက်အတွင်း ၁၀၅ ဦး ဖမ်းဆီးခံရ
Published 5 March 2024

ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်လာသူများအနက် ကန်ချနဘူရီပြည်နယ်တွင် နှစ်ရက်အတွင်း  မြန်မာလုပ်သား ၁၀၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူ-ကန်ချနဘူရီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၁၁ ဦးတို့သည် မတ် ၄ ရက် နံနက် ၉ နာရီခန့်က ကန်ချနဘူရီပြည်နယ် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ၁ ရှိ လမ်းဘေးတောစပ်တနေရာတွင် ဖမ်းဆီးခံရကြောင်း သိရသည်။

ကန်ချနဘူရီပြည်နယ် တောစပ်တစ်နေရာတွင် ဖမ်းဆီးခံရသူများမှာ အမျိုးသား ခြောက်ဦး အမျိုးသမီး ငါးဦးတို့ဖြစ်ပြီး ဘရားသုံးဆူ နယ်စပ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းအတိုင်းခြေလျှင် လျှောက်လာသူများဖြစ်ကြောင်း သိရသည်။

ထို့အတူ မတ် ၂ ရက် နံနက် ၈ နာရီကလည်း ခြောက်ဘီးကားဖြင့် တင်ဆောင်လာသည့် မြန်မာလုပ်သား ၉၄ ဦးကိုလည်း ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

မြန်မာလုပ်သားများကို တင်ဆောင်လာသော ခြောက်ဘီးယာဉ်သည် ထောဖာဖူစစ်ဆေးရေးဂိတ်ကို လွတ်အောင်မောင်းနှင်ခဲ့သော်လည်း တာဝန်ရှိရဲတပ်ဖွဲ့များက မသင်ကာ၍ ဆက်လက်လိုက်လံစစ်ဆေးရာ ကန်ကျနဘူရီဘူရီခရိုင် ထောဖာဖူမြို့ လင့်ထင့်ကျေးရွာ အုပ်စု ၇ အနီးတဝိုက်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သား ၉၄ ဦးတွင် အမျိုးသား ၅၈၊ အမျိုးသမီး ၃၁ နှင့် ယောက်ျားလေးကလေး လေးဦး၊ မိန်းကလေး တစ်ဦးတို့ဖြစ်ပြီး ဖမ်းဆီးခံရသူအားလုံး တရားဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ထောဖာဖူရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent