သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ သံဖြူဇရပ် - ရေးကားလမ်းတွင် အသက် သုံး နှစ်အရွယ် ကလေးငယ်တစ်ဦး ထော်လာဂျီ ယာဉ်နှင့် တိုက်မိပြီး သေဆုံး

သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ သံဖြူဇရပ် - ရေးကားလမ်းတွင် အသက် သုံး နှစ်အရွယ် ကလေးငယ်တစ်ဦး ထော်လာဂျီ ယာဉ်နှင့် တိုက်မိပြီး သေဆုံး
Photo  - စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်)
Photo  - စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်း (သံဖြူဇရပ်)
Published 13 March 2024
သတင်း - ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ သံဖြူဇရပ် - ရေးကားလမ်း (TTY) ကျောက်ခွဲစက်ရှေ့၊ မိုင်တိုင်အမှတ် (၇၇/၄) နှင့် (၇၇/၅) ကြားတွင် (ယနေ့) မတ် ၁၃ ရက် နံနက် ၇ နာရီခန့်က အသက်သုံး နှစ်အရွယ်ကလေးငယ်တစ်ဦးမှာ ထော်လာဂျီယာဉ်နှင့် တိုက်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကလေး နှင့် ကလေးအမေဖြစ်သူတို့မှာ ဝဲကလိကျေးရွာရှိ ကျောက်ခွဲစက်တွင်နေထိုင်ကြသူများဟု သိရကြောင်း၊ ကလေးအမေဖြစ်သူမှ စားသောက်ကုန်ပစ္စည်းများ လိုက်လံရောင်းချနေသည့် သုံးဘီးယာဉ်တွင် ဈေးဝယ်နေစဉ် ကလေးဖြစ်သူမှာ ရုတ်တရက် ကားလမ်းမပေါ်သို့ ပြေးထွက်သွားခဲ့ရာမှ ရေးမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် ရော်ဘာထင်းတုံးများတင်ဆောင်လာသော ထော်လာဂျီယာဉ် နှင့် ဝင်တိုက်မိခဲ့သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကလေးလေးက ထော်လာဂျီယာဉ်ရဲ့ ဘယ်ဘက်အရှေ့ဘီးနဲ့ ကြိတ်မိပြီးတော့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ရပါတယ်။ ကလေးလေးက ယောကျာ်းလေးပါ။ အသက်က (၃) နှစ်ဘဲရှိသေးတယ်လို့ သိရတယ် ဟု ပြောကြားသည်။

ထော်လာဂျီယာဉ်နှင့် တိုက်မိပြီး သေဆုံးခဲ့သည့် ကလေးငယ်၏ရုပ်အလောင်းအား သံဖြူဇရပ်မြို့မှ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သံဖြူဇရပ်မြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထော်လာဂျီယာဉ်မောင်းဖြစ်သူ အား အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

 

Most Read

Most Recent