
Published 26 March 2024

ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ကင်မွန်းချောင်းကျေးရွာအနီးရှိ ကျောက်ဖြူတောင်ကျောင်း (ဘောဂဝတီရွှေကျောင်း) တွင် တစ်ပါးတည်းသီတင်းသုံးနေသည့် ၀ါတော် ၁၈ ၀ါရှိ ဆရာတော် ဥူးစန္ဒိမာမှာ ကင်မွန်းချောင်းကျေးရွာရှိ စင်တော်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်ပြီး ပြန်လည်ထွက်ခွာရန် ဆိုင်ကယ်ပေါ်တက်နေစဉ် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နှင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဥူးစန္ဒိမာတွင် ဘယ်ဘက်လက်မောင်းကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဘယ်ဘက်ကျောကုန်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက ဆက်လက်ပြီး “နောက်ပြီး စင်တော်လက်ဖက်ရည်ပိုင်ရှင်ဖြစ်သူ ဦးတင်ငြိမ်းလည်း သေနတ်နဲ့ပစ်ခတ်ခံရသေးတယ်။ ဦးတင်ငြိမ်းမှာက ဆီးခုံမှာ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့ ညဘက်ပေါင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရသွားတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့သည့် ဥူးစန္ဒိမာနှင့် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည့် ဦးတင်ငြိမ်းတို့အား လူမှုကူညီကယ် ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ဆိုသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက် နံနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစံလွင်မှာလည်း ၎င်း၏နေအိမ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ မော်တော်ဆိုင်ကယ်နှင့် သွားနေစဉ် လမ်းတွင် အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent