မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ပယင်းရောင်းသည့် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ပယင်းရောင်းသည့် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရ
Published 5 April 2024

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ဧပြီ ၄ ရက် နံနက် ၆ နာရီခန့်က ဇနီးမောင်နှံသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါဇနီးမောင်နှံသည် ကျောက်မျက်စျေးတွင် ပယင်းရောင်းချသည်ဟု သိရပြီး ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ကုန်တင်ကုန်ချလမ်းအကျော် ရေပေါက်နားမှာဖြစ်တာ။ လင်မယားက ပယင်းစျေးလာတယ်လို့ သိရတယ်။ အမျိုးသားက ရေးမြို့က၊ အမျိုးသမီးက ပျော်ဘွယ်သူ။ ဓားပြတိုက်တာလည်း ဖြစ်နိုင်သလို စီးပွားရေးအရ အချင်းများတာလည်း ဖြစ်နိုင်တယ်။ သေဆုံးသူရဲ့ ဇနီးဆီမှာ ငွေသိန်း ၂၀၀ တွေ့တယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် အမျိုးသားဖြစ်သူသည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ ဆေးရုံရောက်ပြီး တစ်နာရီကျော်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်ပစ်တာဆိုတော့ ကယ်ဆယ်ရေးလည်း ချက်ချင်းမလုပ်နိုင်ဘူး။ အမျိုးသမီးက စကားတွေ ပြောနိုင်သေးတယ်။ ခွဲစိတ်ဖို့ ပြင်နေတုန်းမှ ဆုံးသွားတာ” ဟု ၎င်းတို့အား ကူညီခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါပစ်ခတ်မှုအတွင်း အမျိုးသားဖြစ်သူ၏ ဘယ်ဘက်ပါးနှင့်လည်ချောင်းပြွန်တို့တွင် သေနတ်ဒဏ်ရာနှစ်ချက်တွေ့ရပြီး အမျိုးသမီးဖြစ်သူ၏ ဘယ်ဘက်ရင်သားတွင် တစ်ချက်၊ ရင်အုံတွင် သုံးချက် သေနတ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားသည် အသက် ၅၃ နှစ်အရွယ်ရှိ ဦးသူရစိုးဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မိုးမိုးဆိုသူဖြစ်ကာ သေဆုံးချိန်တွင် အသက် ၄၅ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent