၂၀၁၈ ခုနှစ် ဧပြီအထိ မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံခန့်ရှိကြောင်း ဒုတိယသမ္မတ ပြောကြား

၂၀၁၈ ခုနှစ် ဧပြီအထိ မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံခန့်ရှိကြောင်း ဒုတိယသမ္မတ ပြောကြား
Published 7 June 2018

ဇွန် ၆ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် မြန်မာ-အီးယူစီးပွားရေးဖိုရမ် ပြုလုပ်နေစဉ်

မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးသည် ၂၀၁၈ ခုနှစ် ဧပြီအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံခန့်ရှိကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ဇွန် ၆ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာ-အီးယူ စီးပွားရေးဖိုရမ်တွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အီးယူမှ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် ရင်းနှီးမြှုပ်နှံသူအားလုံးကို ဦးစားပေးလုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အအုံကဏ္ဍ၊ လယ်ယာကဏ္ဍ၊ တိရစ္ဆာန်နှင့် ရေထွက်ပစ္စည်းမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် စက်မှုမြို့တော် တည်ဆောက်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

၎င်းက “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုမိုပွင့်လင်းမြင်သာမှုရှိတဲ့၊ ပိုမိုဖြေလျှော့ပေးထားတဲ့၊ ပိုမိုအာမခံချက်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ရရှိစေမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်အရလည်း ကုမ္ပဏီများအနေနဲ့ မှတ်ပုံတင်ရာမှာ လွယ်ကူစေမှာဖြစ်သလို ကုမ္ပဏီငယ်များအနေနဲ့ကလည်း ပိုမိုပြီး လုပ်သာကိုင်သာရှိလာမှာ ဖြစ်ပါတယ်။ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုနဲ့အတူ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်ဟာ ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှစတင်ပြီး အာဏာသက်ဝင်လာမှာ ဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျပြီး အခြေအနေ ဖန်တီးခွင့်များရှိသည့် လမ်းကြောင်းများ ခင်းကျင်းပေးထားပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဥပဒေမူဘောင်သည် မြန်မာနိုင်ငံ၌ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေများနှင့် ပိုမိုခိုင်မာ ထိရောက်လာမည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း ဒုတိယသမ္မတက ဆိုသည်။

“မြန်မာနိုင်ငံမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံကို နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု စုစုပေါင်းတန်ဖိုးရဲ့ ၈ ဒသမ ၆၈ ရာခိုင်နှုန်းခန့် ရှိပါတယ်။ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနဲ့အညီ မြန်မာနိုင်ငံမှာ ဖွဲ့စည်းထူထောင်လည်ပတ်နေတဲ့ ဥရောပသမဂ္ဂက ကုမ္ပဏီစုစုပေါင်းသုံးရာကျော် ရှိပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း Asia Development Outlook 2018 အရ သိရသည်။

ဒုတိယသမ္မတက “မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝယ်လိုအားမြင့်မားလာခြင်းကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလျက် ရှိပါတယ်။ လာမယ့်နှစ်များမှာ မြန်မာနိုင်ငံရဲ့ GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ခုနစ်ရာခိုင်နှုန်းကျော်အထိ ရှိလာမယ်လို့လည်း မျှော်မှန်းထားရှိပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent