ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ပျံသန်းလာသည့် အိုမန်လေကြောင်းလိုင်းပိုင်လေယာဉ် တစ်စင်းသည် ဧပြီ ၂၄ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၄ ရက် ညနေ ၄ နာရီ ၃၉ မိနစ်က အိုမန်နိုင်ငံ မူစ်ကတ်မြို့မှ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ပျံသန်းလာသည့် အိုမန်လေကြောင်းလိုင်းပိုင် အဲဘတ်စ်အမျိုးအစား A 330 – 300 လေယာဉ်ပျံသန်းလာစဉ် လိုက်ပါလာသည့် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး၏ ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့သည့် လေယာဉ်သည် ကျန်းမာရေးမကောင်းသည့် ခရီးသည်အမျိုးသမီးအား ရန်ကုန်မြို့တွင် ချန်ထားရစ်ခဲ့ပြီး ညပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့သည်။
“အိုမန်လေကြောင်းလိုင်း လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးက လေဖြတ်ချင်သလိုဖြစ်လို့ ရန်ကုန်လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့တာပါ။ အဲဒီအမျိုးသမီးကို ပါရမီဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။