မြောက်ပိုင်းပါဂျောင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ABSDF အဖွဲ့ဝင်ဟောင်း ရဲဘော်သံချောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ထောင်မကျမီ တာဝန်ထမ်းဆောင်ခဲ့သော RCSS ထံ ရောက်ရှိနေ

မြောက်ပိုင်းပါဂျောင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ABSDF အဖွဲ့ဝင်ဟောင်း ရဲဘော်သံချောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ထောင်မကျမီ တာဝန်ထမ်းဆောင်ခဲ့သော RCSS ထံ ရောက်ရှိနေ
Published 21 April 2018

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသည့် ရဲဘော်သံချောင်း (လယ်-ဂျင်းအင်္ကျီအပြာနှင့်) အား တွေ့ရစဉ်

မြောက်ပိုင်းပါဂျောင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ABSDF အဖွဲ့ဝင်ဟောင်း ရဲဘော်သံချောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ထောင်မကျမီ တာဝန်ထမ်းဆောင်ခဲ့သော NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ထံ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မြန်မာ နှစ်ဆန်း ၁ ရက်ဖြစ်သော ဧပြီ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသား ၈၀၀၀ ကျော်တွင် ရဲဘော်သံချောင်းသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သမ္မတရုံးသို့ တင်ပြ တောင်းဆိုခဲ့သည့် နိုင်ငံရေးအကျဉ်းသားစာရင်းတွင်ပါဝင်ကာ သာယာဝတီအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ABSDF ရဲဘော်ကျောင်းသားများ အသတ်ခံရသည့်ကိစ္စ ဖြစ်ပွားချိန်တွင် ရဲဘော်သံချောင်း သည် ABSDF စစ်ရေးတာဝန်ခံဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ် လွယ်တိုင်းလျန်တွင်  RCSS/SSA ဌာနချုပ်ကို စတင် ထူထောင်သည့်အချိန်၌ RCSS/SSA ၏ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ ၂၄၁ တပ်မဟာမှူးအဖြစ်လည်းကောင်း ဗိုလ်မှူးကြီးရာထူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲဘော်သံချောင်းသည် RCSS/SSA တွင် တာဝန်ထမ်းဆောင်ချိန်တွင် ဗိုလ်မှူးကြီး ခွန်ကျော်အမည်ဖြင့် လှုပ်ရှားခဲ့သည်။

ထို့နောက်  ၂၀၀၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဗိုလ်မှူးကြီးခွန်ကျော်သည် တပ်မဟာ ၂၄၁ မှ အင်အား ၄၀ ကို ဦးဆောင်ကာ RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်မှ ၎င်း၏နေရပ်ဖြစ်သည့် မိုးညှင်းမြို့နယ်သို့ပြန်စဉ် နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာအနီးတွင် တပ်မတော်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး မူးယစ်ဆေးသုံးစွဲမှု၊ မူးယစ်ဆေးရောင်းဝယ်မှု၊ လူသတ်မှု၊ နိုင်ငံတော်အားပုန်ကန်မှု၊ ပြည်သူများ၏ပစ္စည်းများအား ခိုးယက်လုယူဖျက်ဆီးမှု၊ ကလေးစစ်သားများ စုဆောင်းမှုအစရှိသည့် အချက် ၁၁ ဖြင့် စွပ်စွဲကာ သေဒဏ ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း RCSS ၏ တရားဝင် သတင်းဌာနဖြစ်သည့် Tai Freedom တွင် ဧပြီ ၁၉ ရက်က ဖော်ပြထားသည်။

လက်ရှိတွင် ဗိုလ်မှူးကြီးခွန်ကျော်သည်  RCSS/SSA ၏ ဗဟိုဌာနချုပ် လွယ်တိုင်းလျန်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း  Tai Freedom တွင် သတင်းဖော်ပြထားသည်။

သို့ရာတွင် ရဲဘော်သံချောင်းအား  RCSS ၌ ယခင်ပေးအပ်ထားသော ရာထူးတာဝန်များအတိုင်း ပြန်လည်ပေးအပ်ခြင်းရှိ မရှိသိရှိနိုင်ရန် RCSS/SSA ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိပေ။ ရဲဘော်သံချောင်းအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (    ABSDF) မြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ABSDF ရဲဘော် ကျောင်းသားများ အသတ်ခံရသည့်ကိစ္စရပ်အပေါ် တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ထို့ပြင် ၁၉၉၂ ခုနှစ် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျောင်းသား ရဲဘော်အချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ABSDF ကျောင်းသားရဲဘော်များအတွက် (၂၆) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရကျောင်းတိုက်၊ မြဝတီမင်းကြီးကျောင်းရှိ ကျဆုံးကျောင်းသားရဲဘော်များ၏ အထိမ်းအမှတ်ရင်ပြင်တွင် ကျင်းပခဲ့ပြီး ပါဂျောင်ဒေသတွင် ကျောင်းသားရဲဘော်အချင်းချင်း စစ်ထောက်လှမ်းရေးဟုစွပ်စွဲကာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ကျဆုံးသွားခဲ့ရသည့် ကျောင်းသားရဲဘော်များနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများအနေဖြင့် ABSDF ၏ ဂုဏ် သိက္ခာအတွက် တာဝန်ယူမှုအပါအဝင် အမှန်တရားကို ဖော်ထုတ်ဝန်ခံသင့်ပြီဖြစ်ကြောင်း နှင့် အဆိုပါဖြစ်စဉ်များအပေါ် တာဝန်ရှိနေသည့် ABSDF မှ တာဝန်ရှိသူများအနေဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း မြောက်ပိုင်းပြန် ABSDF ကျောင်းသားရဲဘော်များက တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent